သွားနဲ့ ခံတွင်း ဟာ ကျွန်တော်တို့ အလေးထား ဂရုစိုက်ရမယ့် ကျန်းမာရေး အခြေအနေတစ်ရပ် ဖြစ်ပါတယ်။ ကလေးဘဝက စလို့ အသက်ကြီးပိုင်းအရွယ်အထိ သွားနဲ့ ခံတွင်း ဆိုင်ရာ ကျန်းမာရေး ပြဿနာတွေကို အချိန်မရွေး ကြုံရနိုင်ပါတယ်။ ခံတွင်းမကျန်းမာရင် နေ့စဉ်ဘဝမှာပါ အစစအရာရာ အခက်အခဲ ဖြစ်နိုင်သလို ဆိုးရွှားတဲ့ ကျန်းမာရေးအခြေအနေတွေ အထိ ဖြစ်နိုင်ပါတယ်။ အခုဆောင်းပါးလေးမှာ ပြောပြပေးမှာကတော့ လူတွေမှာ အဖြစ်များတဲ့ ခံတွင်းကျန်းမာရေးဆိုင်ရာ ပြဿနာတွေ အကြောင်းပါ။

(၁) ခံတွင်း အနံ့ဆိုးထွက်ခြင်း

Photo : WebMD

နေ့စဉ်ပုံမှန် သွားမတိုက်ဘူးဆိုရင် စားလိုက်တဲ့ စားကြွင်းစားကျန်တွေကနေ တဆင့် ဘက်တီးရီးယားပိုးမွှားတွေ ပေါက်ဖွားလာပြီး ဆိုးရွားတဲ့ ခံတွင်းအနံ့ဆိုးတွေ ဖြစ်ပေါ်လာစေ နိုင်ပါတယ်။ ခံတွင်းသန့်ရှင်းမှုကို အလေးထား မဆောင်ရွက်တာ ၊ ခံတွင်းခြောက်တာ ၊ သွားပိုးစားတာ ၊ ဆေးလိပ်သောက်တာအပြင် သွားဖုံးရောဂါ သို့မဟုတ် ဆီးချိုရောဂါတွေကြောင့်လည်း ခံတွင်းအနံ့ဆိုးထွက်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ ခံတွင်း အနံ့ဆိုးထွက်ခြင်း ပြဿနာကို ကုစားနိုင်ဖို့ တစ်ရက်ကို အနည်းဆုံး မနက်တစ်ကြိမ် ၊ ညအိပ်ရာမဝင်ခင် တစ်ကြိမ် သွားတိုက်ဖို့ လိုပါတယ်။ သွားတိုက်တဲ့အခါ လျှာကိုလည်း သွားပွတ်တံနဲ့ တိုက်ပေးဖို့လိုပါမယ်။ အစာစားပြီးတိုင်းမှာလည်း ပလုတ်ကျင်းတာ ၊ အနံ့ဆိုးထွက်စေမယ့် အစားအစာတွေကို ရှောင်ကြဉ်တာမျိုး လုပ်ပါ။ ခံတွင်းအနံ့တွေ အရမ်းဆိုးဆိုးရွားရွား ထွက်နေပါက ဆရာဝန်နဲ့သွားရောက် ပြသပြီး စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။

(၂) သွားဖုံးရောဂါ ဖြစ်ပွားခြင်း

Photo : WebMD

သွားဖုံးရောဂါဆိုတာကတော့ သွားဖုံးနဲ့ သွားဖုံးလိုင်းတစ်လျှောက် အညစ်အကြေးနဲ့ ဘတ်တီးရီးယားတွေ အများအပြား စုပုံလာခြင်းကနေ တဆင့်ဖြစ်ပွားရတဲ့ ခံတွင်းကျန်းမာရေး အခြေအနေတစ်ခု ဖြစ်ပါတယ်။ Gingivitis လို့ခေါ်တဲ့ အပျော့စားသွားဖုံးရောင်ခြင်းဟာ သွားဖုံးရောဂါရဲ့ ပထမအဆင့် ဖြစ်ပါတယ်။ သွားဖုံးရောဂါရဲ့ လက္ခဏာတွေကတော့ သွားဖုံး နီရဲခြင်း ၊ သွားဖုံးတွေ ဖောင်းကြွလာပြီး နာကျင်ခြင်း ၊ သွားဖုံးမှာ သွေးထွက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ ခံတွင်းသန့်ရှင်းရေးကို သေချာဂရုတစိုက်နဲ့ မှန်ကန်စွာ လုပ်ဆောင်ပေးမယ်ဆိုရင် သွားဖုံးရောဂါ ကို ကာကွယ်နိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်း ၊ အစားအသောက် မဆင်ခြင်ခြင်းနဲ့ စိတ်ဖိစီးမှုများခြင်းတွေက သွားဖုံးရောဂါကို ပိုဆိုးစေနိုင်ပါတယ်။

(၃) သွားကြွေလွှာ ပဲ့ထွက်ခြင်း

Photo : WebMD

သွားကြွေလွှာဟာ မာကျောတယ်ဆိုပေမယ့်လို့ ရေခဲ သို့မဟုတ် သကြားလုံးအမာတွေ ဝါးစားတဲ့အခါ ၊ ဘီယာအဖုံးကို သွားနဲ့ကိုက်ဖွင့်တဲ့အခါ ၊ အပူအအေးတွေနဲ့ မကြာခဏထိတွေ့တဲ့ အခါမျိုးတွေမှာ သွားကြွေလွှာ ပဲ့ထွက်တာမျိုး ဖြစ်တက်ပါတယ်။ အလားတူ မာကြောတဲ့ဘယ်အရာမဆို သွားကိုက်တာ ၊ ဝါးတာတွေဟာလည်း သွားကြွေလွှာကို ပဲ့စေနိုင်တဲ့ အဓိကအကြောင်းအရင်းတွေပါပဲ။ သွားကြွေလွှာ ပဲ့ထွက်တဲ့အခါ ဆရာဝန်နဲ့ တိုင်ပင်ပြီး သွားတွေကို ပြုပြင်ပေးတာ ၊ သွားဖာတာနဲ့ သွားအစွပ်စွပ်တာတွေ လုပ်နိုင်ပေမယ့် မူလသဘာဝအတိုင်းထက် ပိုမကောင်းနိုင်တာကြောင့် ဒီလိုမာကြောတဲ့အရာတွေကို သွားနဲ့ ကိုက်တာ ၊ ဝါးတာမျိုး အထူးရှောင်ကြဉ်သင့်ပါတယ်။

(၄) ခံတွင်း ကင်ဆာ

Photo : WebMD

သွားနဲ့ခံတွင်း ကျန်းမာရေးနဲ့ ပတ်သတ်ပြီး အဖြစ်အများဆုံး ကျန်းမာရေးဆိုင်ရာ ပြဿနာတစ်ခုကတော့ ခံတွင်းကင်ဆာပါပဲ။ ခံတွင်းကင်ဆာ ဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ များစွာရှိပြီး အဓိကအားဖြင့် ဆေးလိပ် အလွန်အကျွံ သောက်သုံးခြင်း ၊ ကွမ်းစားခြင်း သို့မဟုတ် ဆေးရွက်ကြီး သုံးစွဲခြင်း ၊ နေရောင်ခြည်နဲ့ အလွန်အကျွံ ထိတွေ့ခြင်းနဲ့ အရက်အလွန်အကျွံ သောက်သုံးခြင်း စတဲ့ အခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။ ခံတွင်း ကင်ဆာ ခံစားရပြီဆိုရင် ကာလကြာရှည် ခံတွင်းနာကျင်မှု ဖြစ်ခြင်း ၊ အကြောင်းအရင်းမရှိ မျက်နှာ ၊ ပါးစပ် ၊လည်ပင်း တဝိုက်တွင် ထုံကျင်ခြင်း ၊ ဝါးတဲ့အခါ ၊ စကားပြောတဲ့အခါနဲ့ မျိုချတဲ့အခါတွေမှာ ပြဿနာရှိခြင်း ၊ ခံတွင်းနဲ့ ပါးစပ်တဝိုက်မှာ အနီရောက်အကွက်များ ဖြစ်ပေါ်ခြင်း ၊ အကျိတ်အလုံးများ ထွက်ခြင်း ၊ ခံတွင်း နဲ့ သွားဖုံးကနေ သွေးယိုခြင်း စတဲ့ လက္ခဏာတွေ ပြတက်ပါတယ်။ ခံတွင်းကင်ဆာ ရောဂါဟာ Human Papillomavirus သို့မဟုတ် HPV လို့ခေါ်တဲ့ ကင်ဆာဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးနဲ့လည်း ဆက်စပ်နေပါတယ်။ ခံတွင်းကင်ဆာကို စောစီးစွာတွေ့ရှိပြီး ကုသမှု ခံယူမယ်ဆိုရင် သက်သာပျောက်ကင်း နိုင်ခြေရှိပါတယ်။

(၅) ခံတွင်း မှက္ခရု ဖြစ်ခြင်း

Photo : WebMD

Oral Thrush လို့ခေါ်တဲ့ ခံတွင်းမှက္ခရုဟာ သက်ကြီးပိုင်းနဲ့ ကလေးတွေမှာ အဖြစ်အများဆုံး ဖြစ်ပါတယ်။ တနည်းအားဖြင့် ခံတွင်းမှာဖြစ်ပေါ်တက်တဲ့ ပိုးဝင်ခြင်း ရောဂါတစ်ခုပါ။ ခံတွင်းမှက္ခရုရဲ့ သိသာထင်ရှားတဲ့ လက္ခဏာ တစ်ခုကတော့ လျှာပေါ်မှာ အဖြူရောင် အဖက်ဖက်တွေ ဖြစ်ပေါ်ခြင်းပါပဲ။ အဆိုပါ အဖြူဖက်တွေဟာ သွားဖုံးနဲ့ ခံတွင်းနံရံတွေမှာလည်း ဖြစ်ပေါ်တက်ပါတယ်။ အဖြူဖက်တွေကို ခြစ်ထုတ်တာ ၊ ဖဲ့မိတဲ့အခါမျိုးတွေမှာ နာကျင်မှုကို ခံစားရနိုင်ပြီး တစ်ခါတစ်ရံမှာ သွေးထွက်တက်ပါတယ်။ ကိုယ်ခံအားနည်းခြင်း ၊ ခံတွင်း သန့်ရှင်းမှုမရှိခြင်း ၊ ခံတွင်းခြောက်သွေ့ခြင်း ၊ ပဋိဇီဝဆေးတွေ မှီဝဲခြင်း ၊ ဆီးချိုရောဂါ ဒါမှမဟုတ် အခြားဆေးဝါးတွေကြောင့် ခံတွင်းမှက္ခရုကို ဖြစ်စေနိုင်ပါတယ်။

Featured Photo : Verywell Health