ချယ်လ်ဆီးအသင်း ပရိသတ်တွေရဲ့ အချစ်တော် ရွှေကိုးလေး ခေါ် ကိုး ပါလ်မာကတော့ ဒီရာသီ ချယ်လ်ဆီးအသင်းမှာ သူ လုပ်ဆောင်ပြထားခဲ့တဲ့ အကောင်းဆုံး စွမ်းဆောင်ရည်များကြောင့် အခုဆိုရင် တစ်ဦးချင်း ဆုတံဆိပ်တွေများစွာကိုပါ စတင် ပိုင်ဆိုင်လာခဲ့ရပြီပဲ ဖြစ်ပါတယ်။

cole palmer

Photo Credit: beIN SPOTRS

အသက် (၂၂)နှစ်သာ ရှိသေးတဲ့ ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံတိုက်စစ် ကစားသမားလေး ရွှေကိုးဟာ အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့မှာ မွေးဖွားပြီး မန်ချက်စတာ စီးတီး လူငယ်အကယ်ဒမီမှာ ဘောလုံးပညာတွေ သင်ကြားရင်း မန်စီးတီးအသင်းအတွက် ကစားပေးခွင့် ရရှိလာခဲ့သူပါ။ ပြီးခဲ့တဲ့ ဘောလုံးရာသီဆိုရင် ရွှေကိုး ပါလ်မာဟာ စီးတီးအတွက် ပြိုင်ပွဲစုံမှာ (၂၅)ပွဲအထိတောင် ကစားခဲ့ရပါတယ်။ ဒါပေမယ့် ဒီထက်မကတဲ့ ပွဲကစားခွင့်တွေ အလိုရှိနေတဲ့ ပါလ်မာက စီးတီးမှာ ဒီတိုင်းလေး ဆက်နေရတာထက် အသင်းပြောင်းဖို့ ဆန္ဒရှိလာတာကြောင့် နောက်ဆုံးမှာတော့ အပြာရောင် မန်ချက်စတာကနေ အပြာရောင် လန်ဒန်တို့ဆီ အမြန်အဆန်ပဲ ပြောင်းရွှေ့လိုက်ပါတယ်။

palmer motm

Photo Credit: Instagram

စီးတီးရဲ့ အကယ်ဒမီထွက် ရတနာလေးတစ်ပါးကို အပိုဆုကြေးတွေ အပါအဝင်နဲ့မှ ပေါင် (၄၂.၅)သန်းလောက်ပဲ အသုံးပြုပြီး ရရှိလိုက်တဲ့ ချယ်လ်ဆီးအတွက်ကတော့ တကယ်ကို ရွှေထုပ်ကြီး ရလိုက်သလိုပါပဲ။ သူ့ထက် ဈေးကြီးပေးရတဲ့ မူဒရစ်ခ် စတားလင်း အန်ကွန်ကူတို့ထက် ပါလ်မာရဲ့ အသင်းအပေါ် အကျိုးပြုမှုက အပြတ်အသတ်ကို သာလွန်လို့နေပြီး အခုဆိုရင်လည်း ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံ (၄၅)ပွဲကစား (၂၆)ဂိုးသွင်းယူထားသလို (၁၃)ဂိုးအထိလည်း ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

cole palmer chelsea

Photo Credit: Evening Standard

ဒါတွေတင်မကသေးပဲ သူ ငယ်ငယ်လေးကတည်းက အားပေးခဲ့ရတဲ့ မန်ယူနိုက်တက်ဘက်ကို ဟက်ထရစ် သွင်းယူပြီး စီနီယာ ကစားသမားဘဝရဲ့ ဟက်ထရစ်ပါ ဖြစ်ခဲ့သလို အဲဗာတန်နဲ့ပွဲမှာလည်း တစ်ဦးတည်း (၄)ဂိုးအထိပါ သွင်းယူခဲ့ပါသေးတယ်။ ဒီစွမ်းဆောင်မှုတွေကြောင့်ပဲ ပါလ်မာက ဧပြီလရဲ့ တစ်လတာ အကောင်းဆုံး ကစားသမားဆုနဲ့ အကောင်းဆုံး သွင်းဂိုးဆုတွေကို ပထမဆုံးအကြိမ်အဖြစ်နဲ့ ပိုင်ဆိုင်ခဲ့ရပါတယ်။

ဒါ့အပြင် ချယ်လ်ဆီးအသင်းရဲ့ တစ်နှစ်တာ ဆုပေးပွဲမှာလည်း ဒီရာသီထဲ ချယ်လ်ဆီးအတွက် အကောင်းတကာ့ အကောင်းဆုံး ဖြစ်နေခဲ့တဲ့ ပါလ်မာကပဲ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုနဲ့ ချယ်လ်ဆီးက ဘော်ဒါတွေ ရွေးချယ်တဲ့ အကောင်းဆုံး ကစားသမားဆု (၂)ဆုလုံးကို ပိုင်ဆိုင်ခဲ့ရပါတယ်။

Featured Photo: The Chelsea Chronicle