မနေ့ညက Super Sunday ရဲ့အကောင်းဆုံးသော ပွဲစဉ်ဖြစ်တဲ့ ချယ်လ်ဆီး နဲ့ မန်စီးတီးအသင်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်က ကျွန်တော်တို့အားလုံး ယူဆထားကြတာထက် အလွန်ကို ကြည့်ကောင်းခဲ့တဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပြီး ကျွန်တော်တို့လို ဘောလုံးပရိသတ်တွေအပေါ် ဖျော်ဖြေမှုတွေ အပြည့်အဝ ပေးစွမ်းသွားနိုင်ခဲ့ပါတယ်။

chelsea mancity

Photo Credit : Squawka

ပင်နယ်တီ ကန်သွင်းမှုကနေ အစပြုခဲ့တဲ့ ဒီပွဲစဉ်ဟာ နှစ်သင်းပေါင်း သွင်းဂိုး (၈)ဂိုးအထိ ရှိခဲ့ပြီး ပင်နယ်တီနဲ့ပဲ ပွဲသိမ်းခဲ့တဲ့အထိ အံ့အားသင့်စရာကောင်းလောက်အောင် အရမ်းကြည့်ကောင်းခဲ့ပါတယ်။ ချယ်လ်ဆီးကလည်း ဒီရာသီ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်တွေထဲ နော်တင်ဟမ် ဗီလာ ဘရန့်ဖို့ဒ်တို့လို အသင်းတွေကို အရေးနိမ့်ခဲ့ရပေမယ့်လည်း လီဗာပူးလ် အာဆင်နယ် နဲ့ အခု မန်စီးတီးကိုပါ ရှုံးပွဲမတွေ့အောင်ရော ပိုကောင်းအောင်ပါ ယှဉ်ကစားပြနိုင်ခဲ့ပါတယ်။

chelsea city

Photo Credit : Times Now

ချယ်လ်ဆီး နဲ့ စီးတီးတို့ရဲ့ ပထမပိုင်း ပွဲချိန်အတွင်းမှာပဲ ဟာလန်းက ပင်နယ်တီဂိုးနဲ့ ပွဲကို ဦးဆောင်ပြီး သီယာဂို ဆေးလ်ဗားက ပြန်ချေပတယ်။ စီးတီး ပလေယာဟောင်း စတာလင်းက ပြန်ဦးဆောင်တယ်။ ဒါပေမယ့် ပထမပိုင်း ပြီးခါနီးမှာပဲ အကန်ချီက ပြန်ချေပပြန်တယ်။ ပထမပိုင်းမှာတော့ (၂)ဂိုးစီနဲ့ အဆုံးသတ်ပါတယ်။ ဒုတိယပိုင်း ပြန်စတော့ ပွဲစစချင်းမှာပဲ ဟာလန်းက ဦးဆောင်ဂိုး သွင်းယူတယ်။ ပြီးတော့ စပါးနဲ့ပွဲမှာ ဟက်ထရစ် ရထားသူ ဂျက်ဆန်က ချေပပြန်တယ်။ ပွဲပြီးခါနီး ရိုဒရီက (၄)ဂိုးမြောက်ဂိုးကို သွင်းယူပြန်တယ်။ ဒါပေမယ့်လည်း ဒီနွေမှ စီးတီးကနေ ချယ်လ်ဆီးကို လစ်သွားရတဲ့ ပါလ်မာက ပင်နယ်တီနဲ့ ချေပခဲ့ပြီး (၄)ဂိုးစီ သရေကျသွားခဲ့ရပါတယ်။

pochettino pep

Photo Credit : Goal

နိုင်ငံတကာ ရက်သတ္တပတ်က လာမယ့်တစ်ပတ်မှာ ပြန်လည် စတင်တော့မှာမို့ ဒီလို နိုင်ငံပွဲတွေ ပြန်မစခင် အရမ်းကောင်းတဲ့ ပွဲတစ်ပွဲကို ကြည့်လိုက်ရတာက ကျွန်တော်တို့ ကွီးတွေလို ဘောလုံးပရိသတ်တွေအတွက် လုံးဝ စိတ်ကျေနပ်စရာပါပဲ။ ချယ်လ်ဆီးကလည်း စပါးကို အနိုင်ယူ မန်စီးတီးကို သရေကစားထားနိုင်ခဲ့လို့ သူတို့အသင်းအတွက် ကျေနပ်စရာ ရလဒ်တွေ ဖန်တီးနိုင်ခဲ့သလို မန်စီးတီးကလည်း International break မတိုင်ခင် အမှတ်ပေးဇယားထိပ်မှာ ရပ်တည်ထားနိုင်ပြီး ချန်ပီယံလိဂ်မှာပါ နောက်တစ်ဆင့် စောစောစီးစီး တက်လှမ်းနိုင်ခဲ့တာက စီးတီးအတွက် အားရစရာ အခြေအနေပါ။

Featured Photo : We Ain’t Got NoHistory