ရနံ့ဆိုးတွေမှန်သမျှကတော့ စိတ်အနှောင့်အယှက်ပေးတဲ့အရာတွေချည်းပါပဲ။ တကယ်လို့ ထိုရနံ့ဆိုးက ကိုယ့်ခြေထောက်က ထွက်တာမျိုးဆိုရင်တော့ ပိုပြီးစိတ်ညစ်ရမှာပါပဲ။ ကွီးတို့အနေနဲ့ ကိုယ့် ခြေထောက် အနံ့ဆိုး ကြောင့် စိတ်ညစ်နေတယ်၊ လူပုံအလယ်မှာ အရှက်ရမှာ စိုးထိတ်နေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းများကို အသုံးချနိုင်ပါတယ်။
ဒီနည်းလမ်းများကတော့ အကုန်အကျသက်သက်သာသာနဲ့ မိမိအိမ်မှာ အလွယ်တကူပြုလုပ်နိုင်တဲ့ နည်းလမ်းကောင်းများပဲဖြစ်ပါတယ်။
ကွီးတို့ရဲ့ ခြေထောက်ကို သေသေချာချာ ဆေးကြောပါ
အမျိုးသား အယောက် ၁၀၀ မှာ ၉၉ ယောက်လောက်က သူတို့ရဲ့ ခြေထောက်ကို ဘယ်လိုဆေးကြောရမလဲဆိုတာကို မသိကြပါဘူး။ ရေပန်းအောက်မှာ ရေချိုးနေရင်းနဲ့ ခြေထောက်များကို ပွတ်တိုက်နေခြင်းသည် ဆေးကြောတယ်လို့ ပြောလို့မရပါဘူး။ ခြေထောက်ရနံ့များကို အမှန်တကယ် ပျောက်ဆေးချင်တယ်ဆိုရင် ခြေထောက်မှာ ကပ်ငြိနေတဲ့ မှိုနှင့် ဘက်တီးရီးယားများကို ဖယ်ရှားပေးနိုင်တဲ့ ဆပ်ပြာကို အသုံးပြုရမှာဖြစ်ပါတယ်။ ထို့နောက် ခြေထောက်ဆေးတဲ့အခါ ခြေချောင်းကြားတွေကိုလည်း ဂရုတစိုက် ဆေးကြောပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ခြေသည်းညှပ်တဲ့အခါ သေသေချာချာ ညှပ်ထားဖို့ လိုအပ်ပါတယ်။ ခြေထောက်များ ဆေးကြောပြီးတဲ့နောက်မှာ သေချာခြောက်အောင် သုတ်ဖို့လိုအပ်ပါတယ်။ ခြေထောက်က ခြောက်သွားပြီဆိုမှ ခြေအိတ်ဝတ်တာတို့၊ ရှူးဖိနပ်စီးတာတို့ ပြုလုပ်ရမှာ ဖြစ်ပါတယ်။
ဖျော်ရည်အမျိုးမျိုးဖြင့် ဆေးကြောပါ
ခြေထောက် အနံ့ဆိုး တဲ့ ကွီးတို့အတွက် ရှာလကာရည်၊ Epsom ဆား၊ လက်ဖက်ခြောက်အိတ်နှင့် Listerine တို့သည် အကောင်းဆုံးအဖော်မွန်ပါပဲ။
ကွီးတို့အနေနဲ့ ရှာလကာရည်ကို အသုံးပြုချင်တယ်ဆိုရင်တော့ ရှာလကာရည် ၁ ဆ ၊ ရေ ၂ ဆ တို့ကို အသုံးပြုကာ ခြေထောက်ကို ထိုရည်ထဲ စိမ်ထားကာ သေသေချာချာ တိုက်ချွတ်ဆေးကြောရမှာ ဖြစ်ပါတယ်။
လက်ဖက်ခြောက် အသုံးပြုချင်တယ်ဆိုရင်တော့ လက်ဖက်ခြောက်အိတ် ၄ ထုပ် (သို့) ၅ ထုပ်ခန့် လိုအပ်ပါတယ်။ ထို့နောက် ရေနွေးနွေးထဲ လက်ဖက်ခြောက်အိတ်များ စိမ်ထားကာ လက်ဖက်ခြောက် အနည်ကျသွားရင်တော့ ခြေထောက်ကို ထိုရေနွေးနွေးထဲ စိမ်ထားကာ သေသေချာချာ ဆေးကြောလိုက်ပါ။
Listerine ဖြင့် ဆေးကြောချင်တယ်ဆိုရင်တော့ Listerine ၁ ဆ ၊ ရေ ၂ ဆ ကို သမအောင် ရောမွှေလိုက်ပါ။ (ရှာလကာရည် အနည်းငယ် ထည့်ချင်လည်း ရပါတယ်။) ထို့နောက် ရရှိလာတဲ့ အရောအနှောထဲသို့ ခြေထာက်ထည့်ကာ စိမ်ထားပေးပြီးနောက် ဆေးကြော သန့်စင်နိုင်ပါတယ်။
ပေါင်ဒါအသုံးပြုပါ
ပေါင်ဒါများကတော့ အရေးပေါ် အခြေအနေမျိုးမှာ အသုံးပြုနိုင်ပြီး အနံ့ဆိုးများကို အချိန်တိုအတွင်း အလွယ်တကူ ဖျောက်ဖျက်ပေးနိုင်ပါတယ်။ ကလေးပေါင်ဒါ (သို့) မုန့်ဖုတ်ဆိုဒါ (သို့) ပြောင်းမှုန့်တို့သည် သင့်ရဲ့ ခြေထောက်ကို ခြောက်သွေ့နေစေပြီး ဘက်တီးရီးယားများကို ဖယ်ရှားပေးနိုင်ပါတယ်။ အသုံးပြုရမယ့်အချိန်ကတော့ ရေချိုးပြီးတဲ့အချိန် (သို့) ခြေအိတ် ဝတ်မယ့်အချိန် (သို့) ရှူးဖိနပ် ဝတ်မယ့်အချိန်တွေမှာ အသုံးပြုနိုင်ပါတယ်။
သန့်ရှင်းမှုကို ဦးစားပေးပါ
ခြေအိတ်များနှင့် ရှူးဖိနပ်များ ညစ်ပတ်နေပါကလည်း ကွီးတို့ကို ခြေထောက် အနံ့ဆိုး များ ပိုထွက်လာစေပါတယ်။ ဒါ့ကြောင့် ခြေအိတ်များကို တစ်ရက်ဝတ်ပြီးပါက နောက်တစ်ရက် ပြန်ဝတ်ဖို့ မစဥ်းစားဘဲ တစ်ခါတည်း လျှော်ပစ်လိုက်ပါ။ ရှူးဖိနပ်များကိုလည်း အပြင်က ပြန်လာပြီဆိုတာနဲ့ ဖိနပ်ဘီဒိုထဲမှာ အလုံပိတ်မထားလိုက်ပါနဲ့။ ရှူးဖိနပ်များကို ဖိနပ်ဘီဒိုထဲ ထည့်မသိမ်းခင် လေသလပ်အောင် အရင်ထားလိုက်ပါ။ ရုံးပိတ်ရက်များမှာလည်း ဖိနပ်ကို နေရောင်ပြကာ လေဝင်လေထွက်ကောင်းပြီး ဘက်တီးရီးယားများ ပျောက်ကွယ်သွားအောင် ပြုလုပ်ရပါမယ်။
Source: Mensxp
Featured Image: NetDoctor