ကျွန်တော်တို့ လူတော်တော်များများက ငွေစုရမယ်ဆိုတာ သိပါတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့လည်း ငွေကို စုကြပါတယ်။ ဒါ့အပြင် လူကြီးမိဘတွေ၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတွေက ငွေကိုစုဖို့၊ မလိုတာတွေအတွက် မသုံးမိစေဖို့နဲ့ ကြိုးကြိုးစားစားရှာဖွေဖို့ စသည်ဖြင့် ပြောဆိုကြတာ ကွီးတို့လည်း ကြားဖူးမှာပါ။ ငွေကြေးကို ကြိုးစားရှာဖွေပြီး ချွေတာသုံးစွဲရမယ်ကာ စုဆောင်းမယ်ဆိုတာလည်း မမှားပါဘူး။ ထို့အပြင် ငွေကြေးကို စနစ်တကျ စုဆောင်း တတ်ဖို့ဆိုရင်တော့ သိထားရမဲ့ အချက်လေးတွေရှိပါတယ်။
(၁) လစဉ်အသုံးစရိတ်ကို စနစ်တကျ သတ်မှတ်ပါ

Photo : Healthy Rich
ကွီးတို့အနေနဲ့ ငွေကြေးကို စနစ်တကျ စုဆောင်း တတ်ဖို့ဆိုရင်တော အရင်ဆုံး ကွီးတို့ရဲ့လစဉ်ဝင်ငွေပေါ် မူတည်ပြီး အသုံးစရိတ်ကို စနစ်တကျ တွက်ချက်ပြီး သုံးစွဲဖို့လိုပါတယ်။ ကွီးတို့ရဲ့ဝင်ငွေ၊ နေထိုင်မှုကုန်ကျစရိတ်၊ စားစရိတ်၊ အခြားသောပေးဆောင်ရမည့် အခွန်များစသည်ဖြင့် လစဉ် လတိုင်း သုံးစွဲဖို လိုအပ်တဲ့ ငွေကြေး ပမာဏတစ်ခုကို ခန့်မှန်းသတ်မှတ်ပါ။ ထိုသို့ ငွေကြေးပမာဏ တစ်ခုကိုသတ်မှတ်ထားခြင်းက ကွီးတို့ကို လစဉ်လတိုင်း ထိုပမာဏထက် ပိုမသုံးမိစေရန် ထိန်းချုပ်ထားပြီးသားလည်း ဖြစ်စေပါတယ်။ လစဉ်လတိုင်း ဘယ်နေရာမှာ ငွေကြေးပမာဏ ဘယ်လောက် သုံးမိနေလဲဆိုတာလည်း သတိထားမိစေပါတယ်။ ထို့အပြင် သတ်မှတ်ထားပမာဏ ထဲမှာမပါဝင်တဲ့ ငွေကြေးသုံးစွဲမှုများကိုလည်း ကန့်သတ်ထားပြီးသား ဖြစ်စေပြီး စုဆောင်းဖို့ ငွေပိုထွက်လာမှာ ဖြစ်ပါတယ်။
(၂) လိုချင်တာနဲ့ လိုအပ်တာကိုခွဲထုတ်ပါ

Photo : I Personal Finance
တစ်ခါတစ်လေကျရင် ကျွန်တော်တို့ဟာ ပစ္စည်းတစ်ခုကို သော်လည်းကောင်း၊ အသုံးအဆောင် တစ်ခုသော်လည်းကောင်း လိုချင်လိုဖြစ်စေ၊ လျှော့စျေးရလို့ဖြစ်စေ အကြောင်းအမျိုးမျိုးကြောင့် ဝယ်မိတတ်ပါတယ်။ ဒါပေမဲ့ အမှန်တကယ် ပြန်ချင့်ချိန်ကြည့်ရင် ၎င်းက မဖြစ်မနေ လိုအပ်နေတာမျိုး မဟုတ်ပါဘူး။ ဒါကြောင့် ကွီးတို့ အနေနဲ့ တစ်ခုခုကိုမဝယ်ခင် အနည်းဆုံး ၂ ကြိမ်ခန့်စဉ်းစားပါ။ မလိုအပ်တာတွေ ဝယ်ယူခြင်းကို လျှော့ချလိုက်ပါ။ ထိုသို့ ပြုလုပ်ခြင်းဖြင့် မလိုအပ်တာတွေ မဝယ်မိဖို့လည်း ကန့်သတ်ထားပြီးသား ဖြစ်စေပါတယ်။
(၃) ငွေကို အရင်ဆုံးစုပါ၊ ပိုမှသုံးပါ

Photo : Lendela
ငွေကြေးကို စုဆောင်း တဲ့နေရာမှာ လစဉ်ဝင်ငွေထဲက မဖြစ်မနေ သုံးစွဲဖို့ လိုအပ်တဲ့ ငွေကြေး ပမာဏတစ်ခုကို ဖယ်ပြီးတာနဲ့ တန်းပြီး စုပါ။ လစဉ်ဝင်ငွေရဲ့ ဆယ်ရာခိုင်နှုန်းကို ဖြစ်စေ၊ ပမာဏ တစ်ခုကိုဖြစ်စေစုပါ။ ပြီးမှသာ ကျန်ငွေထဲက သုံးစွဲပါ။ လစဉ်ဝင်ငွေကို အရင်စုဖို့မဖယ်ပဲ ပိုလျှံမှစုမယ်ဆိုတာမျိုး မလုပ်ပါနဲ့။ လူ့သဘာဝအရ ကုန်အောင်သုံးမိတတ်လို့ပါ။ ထို့အပြင် စုငွေကိုကြိုတင် မဖယ်ထားတဲ့အတွက် လကုန်တဲ့အခါမှာ ကွီးတို့ စုချင်တဲ့ ငွေကြေးပမာဏအတိုင်း စုမိဖို့ မလွယ်တော့ပါဘူး။ တတ်နိုင်သလောက် ငွေကြေးကို မည်သည့် ပမာဏဖြစ်ပါစေ စောစာ စုဖို့ အကြံပေးချင်ပါတယ်။ ငွေစုခြင်းက မမျှော်လင့်ဘဲ ကြုံတွေ့နိုင်တဲ့ အရေးပေါ်ကိစ္စများ အတွက်သာမက ကွီးတို့ရဲ့ အနာဂတ်အတွက်ပါတကယ်ကိုအရေးကြီးတဲ့ လုပ်ငန်းစဉ်ပဲ ဖြစ်ပါတယ်။
(၄) ငွေစုတာနဲ့ ပတ်သတ်ပြီး ပန်းတိုင်များထားရှိပါ

Photo : Rae & Lipskie Investment Counsel
ငွေကြေးကို စုဆောင်း ဖို့ အကောင်းဆုံးနည်းလမ်းများထဲမှ တစ်ခုကတော့ ငွေစုတာနဲ့ ပတ်သတ်ပြီး ပန်းတိုင်များထားရှိ ဖို့ပါပဲ။ ဘယ်အချိန်အတိုင်းအတာတွင် ငွေကြေးပမာဏ လောက်စုမိရမယ် စတဲ့ပန်းတိုင်မျိုးလည်း ထားရှိပါ၊ ဒါ့အပြင် လစဉ်လတိုင်း စုငွေ ပမာဏ တိုးလာအောင် မိမိဝင်ငွေနဲ့ကိုက်ပြီး ပန်းတိုင်များ ထားရှိတာကလည်း တကယ်ကို အကျိုးများစေပါတယ်။ ငွေကြေးနဲ့ဆိုင်တဲ့ ပန်းတိုင်လေးများ ထားရှိခြင်းကလည်း ကွီးတို့အတွက် ငွေကြေးကို စနစ်တကျ သုံးစွဲတတ်စေရုံသာမက စီမံခန့်ခွဲတတ်စေဖို့ လည်း ကြီးမားတဲ့ အကူအညီဖြစ်စေပါတယ်။
(၅) ငွေစုတတ်တဲ့ အကျင့်ကို ပျိုးထောင်ပါ

Photo : Money Fit
လစဉ်လတိုင်း ငွေ ပမာဏအနည်းငယ်မှ စတင်ပြီး စုပါ။ လစာထုတ်ရက်တိုင်း စုဖို့ပမာဏကိုချက်ခြင်း ဖယ်တာမျိုးလုပ်ပါ။ ငွေစုတဲ့ အလေ့အထကို ပျိုးထောင်ပါ။ ဒါ့အပြင် ငွေကြေး သုံးစွဲတဲ့နေရာမှာ အသေးအဖွဲသုံးစွဲခြင်းလေးတွေ ကစ၍ ဂရုပြုသင့်ပါတယ်။ အချိန်ပေးနိုင်လျှင် နေ့စဉ်နေ့တိုင်း တစ်နေ့တာသုံးစွဲငွေကို စာရင်းပြုစုပါ။ ဒါဆိုရင် ကွီးတို့အနေနဲ့ ဘယ်နေရာတွေမှာ ဘယ်လောက်တွေ ကုန်ခဲ့လဲဆိုတာ သတိပြုမိပြီး မလိုအပ်တာတွေ မသုံးစွဲမိအောင်လည်း ဂရုပြုလာမိပါလိမ့်မယ်။ ငွေကြေးနဲ့ ပတ်သတ်ပြီး ဒီလို အလေ့ကျင့်ကောင်းတွေက ကွီးတို့အတွက်ရေရှည်မှာ တကယ်ကို အကျိုးကျေးဇူးများစေ ပါလိမ့်မယ်။
ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ငွေကြေးကို စနစ်တကျ စုဆောင်း တတ်စေဖို့ သိထားသင့်တဲ့အချက်လေးများ ပဲဖြစ်ပါတယ်။ ငွေကြေးဟာ သုံးစွဲရတာလွယ်ကူသလောက် ရှာဖွေရတာ တကယ်ကို ခက်ခဲပါတယ်။ ဒါကြောင့် ကွီးတို့ ရှာဖွေသမျှ ငွေကြေးတွေကို တစ်ပြားတစ်ချက်မှ အလဟဿ မဖြစ်စေဘဲ စနစ်တကျ သုံးစွဲပြီး စုဆောင်းပါ။ အခုဖော်ပြပေးလိုက်တဲ့ အချက်လေးတွေကလည်း ကွီးတို့ ငွေကြေးပိုင်းဆိုင်ရာမှာ များစွာ အထောက်အကူ အထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်။
Featured Photo : Life Future General
