ဒီနွေမှာ ဥရောပက ဘောလုံးသမား အများစုဟာ ဆော်ဒီ ပရိုလိဂ်ပြိုင်ပွဲဝင် ကလပ်အသင်းတွေဆီ ပြောင်းရွှေ့ကုန်ကြပါတယ်။ ဒီလို ပြောင်းရွှေ့မှုမှာက ငွေကြေးက အဓိက ပါဝင် ပတ်သက်နေလိမ့်မယ်ဆိုရင် မှားမယ် မထင်ပါဘူး။ ဒါပေမယ့် စပိန် ဝါရင့် နောက်ခံကစားသမားကြီး ဆာဂျီယို ရာမို့စ် ကတော့ ဆော်ဒီရဲ့ ကမ်းလှမ်းမှုထက် အရာအာလုံး စတင်ခဲ့ရာ နေရာဟောင်းလေးဆီကိုပဲ ပြန်သွားဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။

ramos

Photo Credit : Clutch Points

ပီအက်စ်ဂျီအသင်းမှာ (၂)ရာသီ ဖြတ်သန်းပြီးနောက် ဒီနှစ်နွေမှာပဲ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားသူ ခံစစ်မှူးကြီး ရာမို့စ် ဟာ free agent player အဖြစ် မေဂျာလိဂ်ကလပ် အင်တာ မိုင်ယာမီ ၊ ပေါ်တူဂီကလပ် ဂါလာတာစာရေးအသင်းတွေနဲ့ သတင်းထွက်ခဲ့တဲ့အပြင် ရီးယဲလ် မက်ဒရစ်အသင်းကလည်း မီလီတာအို ဒဏ်ရာရနေချိန်မှာ သူတို့ ကစားသမားဟောင်း ရာမို့စ်ကို ပြန်ခေါ်လိမ့်မယ်ဆိုပြီးပါ ကောလဟာလတွေ ထွက်ခဲ့ပါသေးတယ်။

sergio ramos

Photo Credit : Football Espana

တကယ်တော့ ရာမို့စ်ကို ဆော်ဒီကလပ် အယ်လ် အစ်တီဟတ်အသင်းကလည်း ချိန်ရွယ်ခဲ့သေးပြီး (၂)နှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်နဲ့အတူ မြင့်မားလွန်းတဲ့ လုပ်ခလစာနဲ့ပါ ကမ်းလှမ်းခဲ့ပါသေးတယ်။ တူရကီ ကလပ်အသင်းတွေကလည်း ရာမို့စ်လို အတွေ့အကြုံရင့် ကစားသမားတစ်ဦးကို ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေချိန် ရာမို့စ် ရဲ့ ပထမဆုံးသော ကလပ်အသင်းဖြစ်တဲ့ ဆီဗီလာကပါ ရာမို့စ်ကို ကမ်းလှမ်းမှုတွေ ပြုလုပ်ခဲ့ချိန်မှာတော့ ရာမို့စ်ကိုယ်တိုင်က ဆော်ဒီ တူရကီတို့ရဲ့ ကမ်းလှမ်းချက်တွေ အားလုံးကို ပယ်ချပြီး ဆီဗီလာကိုပဲ ရွေးချယ်သွားခဲ့ပါတယ်။

ramos spain

Photo Credit : Goal

အသက် (၃၇)နှစ်တောင် ရှိနေပြီဖြစ်တဲ့ ရာမို့စ် က စပိန်နိုင်ငံ ဆီဗီးလ်မြို့မှာ မွေးဖွားခဲ့သူဖြစ်ပြီး သူရဲ့ စီနီယာ ကစားသမားဘဝကိုလည်း ဆီဗီလာအသင်းမှာပဲ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဆီဗီလာအသင်းအတွက် ပွဲပေါင်း (၅၀) ကစားပေးနိုင်ခဲ့ပြီးနောက်ပိုင်း ရီးယဲလ် ပီအက်စ်ဂျီအသင်းတွေဆီ ပြောင်းရွှေ့ခဲ့တဲ့ ရာမို့စ်ဟာ နှစ်ပေါင်း (၁၈)နှစ်အကြာမှပဲ သူရဲ့ အိမ်ကို ပြန်ရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ ဆော်ဒီတွေရဲ့ ငွေကြေး ပုံအော ကမ်းလှမ်းမှုကို ပယ်ချပြီး သူ့အတွက် စစ်မှန်တဲ့ ပျော်ရွှင်မှုတွေ ရှိရာ နေရာဆီကိုပါ ရွေးချယ်ခဲ့တဲ့ ရာမို့စ်ရဲ့ အိမ်ပြန်ခရီးလမ်းဟာ ဂုဏ်ယူစရာအပြည့်ပါပဲ။

Featured Photo : Sevilla FC