စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးဟာ လျစ်လျူရှုမထားသင့်တဲ့ ကျန်းမာရေး အခြေအနေတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ် လူတွေမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ အရမ်းအဖြစ်များပြီး လူငယ်လူကြီး အရွယ်မရွေး ကြုံတွေ့ခံစား နေကြရပါတယ်။ ဒါဟာ ခေတ်မီတိုးတက်ပြီး ပြောင်းလဲလာတဲ့ လူနေမှုဘဝ ပုံစံအသစ်တွေက အဓိက တရားခံလို့ ပြောလို့ရပါတယ်။ လူတစ်ယောက်မှာ စိတ်ကျရောဂါ ဝင်လာပြီဆိုတာနဲ့ အရာရာမှာ အပျက်သဘောဆောင်တဲ့ အတွေးအမြင်တွေက ကြီးစိုးလာပြီး တဖြည်းဖြည်းနဲ့ အသက်ရှင်ရခြင်းရဲ့ အဓိပ္ပါယ်ပါ ပျောက်ဆုံးလာပါလိမ့်မယ်။ ဒါကြောင့် လူတိုင်းလူတိုင်း စိတ်ကျန်းမာရေးကို အလေးထားသင့်သလို စိတ်ကျရောဂါ ခံစားနေရပါကလည်း ချက်ချင်းကုသမှု ခံယူဖို့ လိုပါတယ်။ ကွီးတို့အနေနဲ့ စိတ်ကျရောဂါ ကို တိုက်ထုတ်ပစ်လိုက်မယ် ဆိုရင်တော့ အခုပြောပြမယ့် ကောင်းကျိုးများစွာကို ရရှိခံစားရမှာ ဖြစ်ပါတယ်။

(၁) အိပ်လို့ပိုကောင်းလာမယ်


Photo : Men’s Health

စိတ်ကျရောဂါ ဟာ အိပ်ပျော်ရခက်ခြင်း သို့မဟုတ် နိုးတဝက် အိပ်တဝက် ဖြစ်ခြင်းတွေကို ခံစားရစေနိုင်တာကြောင့် သင့်ရဲ့ အိပ်စက်မှု စက်ဝန်းကို အကြီးအကျယ် အနှောင့်အယှက် ပေးနိုင်ပါတယ်။ အိပ်ရေးမဝရင် စိတ်ရောလူပါ လန်းဆန်းတက်ကြွမှု ပျောက်ဆုံးနေပါလိမ့်မယ်။ ဒါ့ထက်ပိုဆိုးတာက အိပ်ရေးပျက်ခြင်းဟာ စိတ်ကျရောဂါကို ပိုမိုပြင်းထန်စေတာပဲ ဖြစ်ပါတယ်။ ကွီးတို့ အနေနဲ့ စိတ်ကျရောဂါကို တိုက်ထုတ်ကုသလိုက်မယ်ဆိုရင်တော့ အိပ်စက်မှုစက်ဝန်းကို ပြန်လည်ကောင်းမွန်စေပြီး ညဘက်တွေမှာ နှစ်နှစ်ခြိုက်ခြိုက်နဲ့ အိပ်လို့ ပိုကောင်းပါလိမ့်မယ်။

(၂) လိင်မှုစွမ်းဆောင်ရည် မြင့်တက်လာမယ်

Photo : Best Life

စိတ်ဓာတ်ကျခြင်းဟာ လိင်မှုရေးရာအတွက် ကြီးမားတဲ့ အတားအဆီးကြီးတစ်ခု ဖြစ်နိုင်ပါတယ်။ လေ့လာမှုတစ်ခုအရ စိတ်ကျရောဂါ ရှိတွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က လိင်မှုကိစ္စအပေါ်စိတ်ပါဝင်စားမှု လျော့နည်းသွားကြောင်း တွေ့ရှိရပါတယ်။ စိတ်ကျရောဂါ တိုက်ဖျက်ရေးဆေးတွေဟာ Libido ကို ကျဆင်းစေပါတယ်။ ဒါပေမယ့် စိတ်ကျရောဂါကို အမြစ်ဖြတ် တိုက်ထုတ်ပြီးချိန်မှာတော့ သင့်ကိုယ်သင် ယုံကြည်မှု ပြန်လည်ရရှိစေပြီး သင့်ပါတနာနဲ့လည်း စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုပိုင်းမှာ ပိုမို အားကောင်းလာစေမှာ ဖြစ်ပါတယ်။

(၃) အလုံးစုံ ကျန်းမာရေးကို မြှင့်တင်ပေးနိုင်မယ်

Photo : Cleveland Clinic Health Essentials

လူ့စိတ်နဲ့ ခန္ဓာကိုယ်ဟာ အမြဲချိတ်ဆက်မှု ရှိပါတယ်။ စိတ်မပျော်ရင် လူလည်းမလန်းနိုင်ပါဘူး။ စိတ်ဓာတ်ကျခြင်း ၊ စိတ်ဖိစီးမှုများခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေဟာ သင့်ခန္ဓာကိုယ်ရဲ့အလုံးစုံ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ စိတ်ကျရောဂါခံစားနေရတဲ့သူတွေမှာ သာမန်လူတွေထက် ရုတ်တရက် နှလုံးဖောက်နိုင်ခြေ နှစ်ဆပိုများပါတယ်။ စိတ်ကျရောဂါ ကို ကုသခြင်းဟာ ပြင်းထန်တဲ့ တချို့သော ရောဂါတွေကိုပါ ကာကွယ်နိုင်ပြီး ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတယ်။

(၄) လုပ်ငန်းခွင်မှာ စွမ်းဆောင်ရည် ပိုကောင်းလာမယ်

Photo : The Express Tribune

စိတ်ကျရောဂါ ခံစားနေရပါက ဘယ်အရာကိုမှာ ကောင်းကောင်း အာရုံစိုက်နိုင်မှာ မဟုတ်ပါဘူး။ ပုံမှန်လုပ်နေကျ အလုပ်တစ်ခုလုပ်ဖို့တောင် ခက်ခဲစေနိုင်သလို အလုပ်မှာ အာရုံစူးစိုက်မှု လျော့ကျပြီး အမှားတွေ ထပ်လုပ်မိနိုင်ပါတယ်။ စိတ်ကျရောဂါကို မြန်မြန်ကုသမှု ခံယူလိုက်ခြင်းဟာ လုပ်ငန်းခွင်အတွင်း ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ဆိုးရွားတဲ့ ပြဿနာတွေကို ရှောင်ရှားပြီးသား ဖြစ်သလို လုပ်ငန်းခွင်မှာ အာရုံစူးစိုက်မှုကောင်းကောင်းနဲ့ စွမ်းဆောင်ရည် ပိုကောင်းလာပါလိမ့်မယ်။ ထို့အတူ စဉ်းစားတွေးခေါ်နိုင်စွမ်းနဲ့ ဆုံးဖြတ်ချက်ချရာမှာလည်း ပိုမိုအားကောင်းလာပြီး ဦးနှောက်နဲ့ မှတ်ဉာဏ်စွမ်းရည်ကို ပိုမိုကောင်းမွန်လာစေမှာပဲ ဖြစ်ပါတယ်။

(၅) အိမ်တွင်းရေး ပြဿနာတွေ နည်းလာစေမယ်

Photo : All Pro Dad

စိတ်ကျရောဂါရဲ့ နောက်ဆက်တွဲ ပြဿနာက စိတ်ခံစားမှုအတက်အကျ အရမ်းမြန်ပြီး ဒေါသထွက်လွယ် ၊ ဝမ်းနည်းလွယ်စေတာပါ။ စိတ်ခံစားမှုတွေက ပေါက်ကွဲထွက်တော့မယ့် ချိန်ကိုက် ဗုံးတစ်လုံးသဖွယ် ဖြစ်နေတဲ့အတွက် မိသားစုနဲ့ ဆက်ဆံရေးမှာ ကတောက်ကဆ အဖြစ်များစေပါတယ်။ စိတ်ကျရောဂါကို ကုသမှုခံယူခြင်းက သင့်စိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်သလို အိမ်တွင်းတင်းမာမှုတွေကို လျှော့ချနိုင်ပြီး သင်နဲ့မိသားစုကြားက ဆက်ဆံရေးကို တိုးတက်ကောင်းမွန်စေမှာပဲ ဖြစ်ပါတယ်။

(၆) စိတ်ဓာတ်ကျခြင်း သံသရာက လွတ်ကင်းနိုင်မယ်

Photo : BrightQuest Treatment Centers

စိတ်ကျရောဂါဟာ သေချာဖိဖိစီးစီး ကုသမှုမခံယူရင် နောက်တစ်ကြိမ် ပြန်ပြီး စိတ်ဓာတ်ကျခြင်း အခြေအနေတွေ ကြုံတွေ့လာရနိုင်ပါတယ်။ သတင်းကောင်းတစ်ခုကတော့ ထိရောက်တဲ့ကုထုံး တွေ သို့မဟုတ် ဆေးဝါးတွေနဲ့ စိတ်ကျရောဂါကို အမြစ်ဖြတ် ကုသမှုခံယူလိုက်မယ်ဆိုရင်တော့နောက်တစ်ကြိမ် စိတ်ဓာတ်ကျခြင်း အခြေအနေတွေ ဖြစ်မလာအောင် တားဆီးပေးပါလိမ့်မယ်။ အကယ်၍ နောက်တစ်ကြိမ် ပြန်ဖြစ်ရင်တောင် ကုသမှုအတွက် သင့်အနေနဲ့ အဆင်သင့်ဖြစ်နေပါပြီ။ စိတ်ကျရောဂါရဲ့ လက္ခဏာတွေကို သိထားတဲ့အတွက် ရောဂါအခြေအနေကို စောစောစီးစီး ရိပ်ကဲသံဖမ်း သိနိုင်မယ်။ တချို့သော ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေကို သိထားမယ်။ အကူအညီရနိုင်မယ့် နေရာတွေကို သိထားရင် ရောဂါအခြေအနေ မဆိုးခင်မှာပဲ ကုသမှုခံယူဖို့အတွက် လက်ဦးမှု ရယူထားနိုင်မှာပဲ ဖြစ်ပါတယ်။

Featured Photo : Men’s Health