ခန္ဓာကိုယ် ရွေ့လျားမှုနဲ့ အသက်ရှုနည်းစနစ်အပေါ် အခြေခံတဲ့ ယောဂ လေ့ကျင့်ခန်းတွေဟာ စိတ်ပိုင်း/ရုပ်ပိုင်း ဆိုင်ရာကျန်းမာရေးကို များစွာအကျိုးပြုပါတယ်။ လေ့လာမှုတွေအရ ယောဂလေ့ကျင့်ခန်း ပြုလုပ်ခြင်းဟာ စိတ်နဲ့ခန္ဓာကို ငြိမ်သက်အေးချမ်းစေပြီး စိုးရိမ်ပူပန်မှုနဲ့ စိတ်ကျရောဂါကို သက်သာစေတယ်လို့ အထောက်အထားတွေနဲ့ တကွသက်သေ ပြထားပါတယ်။ ဒီတစ်ခေါက်မှာတော့ စိတ်ဖိစီးမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေလျော့ကျပြီး စွမ်းအင်ပြန်လည် ဖြည့်တင်းပေးကာ လန်းဆန်းတက်ကြွစေမယ့် ယောဂ လေ့ကျင့်ခန်း ၄ ခုကို မျှဝေပေးချင်ပါတယ်။

(၁) Kapalbhati (Bhastrika)

Photo : Freepik

ဒီလေ့ကျင့်ခန်းက တရားထိုင်နည်းနဲ့ ဆင်တူပါတယ်။ တရားထိုင်တဲ့ ပုံစံအတိုင်း ခန္ဓာကိုယ်ကို သက်တောင့်သက်သာ ထိုင်ပါ။ မျက်လုံးမှိတ်ထားပြီး ဝမ်းဗိုက်ကြွက်သားတွေ ကျုံ့သွားသည်အထိ လေကိုဖြည်းဖြည်းချင်း ရှုသွင်းပါ။ ပြီးရင် လေကိုဖြည်းဖြည်းချင်း ပြန်ရှုထုတ်ပါ။ ရှုသွင်းရှုထုတ် အကြိမ် ၃၀ ခန့်ပြုလုပ်ပြီးရင် စက္ကန့်ပိုင်းလောက် ခဏနားပေးပါ။ ပြီးနောက်တစ်ကြိမ် ပြန်လုပ်ပေးပါ။

(၂) Virabhadrasana I (Warrior I)

Photo : Freepik

အရင်ဆုံး ဘယ်ဘက်ခြေထောက်ကို ၉၀ ဒီဂရီ ကွေးထားပြီး ညာခြေကို နောက်သို့ ဆန့်ထုတ်ထားပါ။ လက်နှစ်ဖက်ကို အပေါ်သို့ ဆန့်ထုတ်ထားပြီး ဒီပုံစံအတိုင်း ဟန်ချက်ထိန်းကာ လေကို ၅ – ၁၅ ကြိမ်ခန့် ရှုသွင်းရှုထုတ် လုပ်ပေးပါ။ ပြီးရင်တော့ ခြေထောက်ကို ဘယ်ညာပြန်ပြောင်းပြီး ဒီပုံစံအတိုင်း ဆက်လုပ်ပေးပါ။

(၃) Bhujangasana (Cobra Pose)

Photo : Freepik

Cobra Pose က တော်တော်များများနဲ့ ရင်းနှီးပြီးသား လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။ ယောဂ ဖျာပေါ်မှာ ခန္ဓာကိုယ်ကို မှောက်လျက်အနေအထား ပုံစံယူပါ။ ပြီးရင် လက်တွေကိုကြမ်းပြင်မှာ ထောက်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို တွန်းတင်ပေးပါ။ ဝမ်းဗိုက် ၊ ပေါင်နဲ့ ခြေထောက်တွေကိုတော့ ကြမ်းပြင်မှာကပ်ထားပြီး အသက်ခပ်ပြင်းပြင်း ရှုသွင်းရှုထုတ်လုပ်ပေးပါ။ ဒီအနေအထားအတိုင်း ၁ မိနစ်ခန့် နေပါ။

(၄) Ustrasana (Camel Pose)

Photo : Freepik

ယောဂဖျာပေါ်မှာ ဒူးထောက်ပြီး လက်နှစ်ဖက်ကို တင်ပါးပေါ်တင်ထားပါ။ ထို့နောက် ခန္ဓာကိုယ်ကိုနောက်ဘက်သို့ ဖြည်းဖြည်းချင်းလှန်ချပြီး ခြေဖဝါးနဲ့ လက်ကို ထိနိုင်သမျှထိအောင် ကပ်ပေးပါ။ ဒီပုံစံအတိုင်းလေကို ဖြည်းဖြည်းချင်း ရှုသွင်းပါ။ ထို့နောက်လေကို ဖြည်းဖြည်းချင်းပြန်ရှုထုတ်ပြီး မူလပုံစံအနေအထားအတိုင်း ပြန်သွားပါ။ အစပိုင်းမှာ ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် လုပ်ရင်းအကြောတွေ ပျော့ပြောင်းလာပြီး Camel Pose အနေအထားအမှန်ကို ပြုလုပ်လာနိုင်ပါလိမ့်မယ်။

Featured Photo : Govardhan EcoVillage