ယနေ့ခေတ် လူအဖွဲ့အစည်းမှာ ကျင်လည်နေရတဲ့ ပတ်ဝန်းကျင် အခြေအနေများကြောင့် လူသားတွေဟာ တစ်နေရာမဟုတ် တစ်နေရာကနေ စိတ်ဖိစီးမှုတွေ၊ စိတ်ပင်ပန်းနွမ်းနယ်မှုတွေ ရနေကြပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ငန်းခွင်၊ မိသားစု ပြဿနာတွေ၊ ကိုယ့်ကိုယ်ကို ဂရုမစိုက်မှုတွေ၊ စိတ်ဖိစီးမှု များကနေတဆင့် စိတ်ပင်ပန်း နွမ်းနယ်မှုကို ဖြစ်လာပါတယ်။ စိတ်ပင်ပန်း နွမ်းနယ်မှုက အလွန်ပင်ပန်းနွမ်းနယ်သော ခံစားမှုတစ်ခုဖြစ်ပြီး ဂရုမစိုက်ခြင်း၊ အပြစ်တင်ခြင်းနဲ့ စိတ်တိုခြင်းတို့ အပါအဝင် အခြားသော ခံစားချက်များလည်း ခံစားရနိုင်ပါတယ်။

ကွီးတို့အနေနဲ့ ကာလရှည်စွာ စိတ်ဖိစီးမှုကို ကြုံတွေ့ခဲ့ရပြီး ကိုယ့်ရဲ့ အလုပ်တာဝန်များကို အာရုံစိုက်ရန် ခက်ခဲနေခြင်း သို့မဟုတ် ကွီးတို့နှစ်သက်တဲ့ လှုပ်ရှားမှုများကို ပြုလုပ်ရန်လည်း စိတ်ဝင်စားမှု ကင်းမဲ့နေခြင်း စတဲ့ အခြေအနေတွေကို ရင်ဆိုင်နေရပါကလည်း ကွီးတို့က စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရတယ်လို့ ပြောနိုင်ပါတယ်။ ဒီလို စိတ်ပင်ပန်းနွမ်းနယ်မှုတွေကို မဖြေဖျောက်လျှင် အချိန်ကြာလာနဲ့ အမျှ ကွီးတို့မှာ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာ ကွီးတို့အတွက် စိတ်ပင်ပန်း နွမ်းနယ်မှုကို ကျော်လွှားနိုင်ဖို့ အထောက်အကူပြုမဲ့ နည်းဗျူဟာများ ကို ဝေမျှပေးချင်ပါတယ်။

(၁) စိတ်ပင်ပန်း နွမ်းနယ်မှုကို ဖြစ်စေတဲ့ အကြောင်းအရာကို ရှာဖွေပါ

စိတ်ပင်ပန်း နည်းဗျူဟာများ

Photo : The Corporate Review

စိတ်ပင်ပန်းနွမ်းနယ်မှုရဲ့ မူလဇစ်မြစ်ကို ဖယ်ရှားနိုင်ရန် ဘာကြောင့် ဒါမှမဟုတ် ဘယ်လိုအကြောင်းအရာက ကွီးတို့ကို စိတ်ပင်ပန်း နွမ်းနယ်စေတာလဲဆိုတာ ရှာဖွေပါ။ ကွီးတို့ စိတ်ပင်ပန်းနွမ်းနယ်ရတဲ့ အကြောင်းအရာကို သိရှိလျှင် ၎င်းတို့ကို ကျော်လွှားဖို့ နည်းလမ်းတွေက အမြဲရှိပါတယ်။ တစ်ခါတစ်ရံမှာ တစ်ချို့သောအရာတွေကို လျှော့ချလိုက်ခြင်းဖြင့် ကွီးတို့ရဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျစေပြီး စိတ်ပင်ပန်းမှုလည်း သက်သာလာတာ တွေ့ရပါလိမ့်မယ်။

(၂) အလုပ်နဲ့ ဘဝကို ဟန်ချက်ညီအောင် စီမံခန့်ခွဲပါ

စိတ်ပင်ပန်း နည်းဗျူဟာများ

Photo : Career Wise Recruitment

စိတ်ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲမှာ အလုပ်နဲ့ မိမိကိုယ်ပိုင်ဘဝ ဟန်ချက်မညီတာလည်း ပါဝင်ပါတယ်။ အလုပ်ကိုပဲ ဦးစားပေးပြီး အချိန်ပေါင်းများစွာ လုပ်နေရပြီး ကိုယ်ပိုင်ဘဝအတွက် အချိန်မရှိဘူးဆိုရင် စိတ်ပင်ပန်းမှုတွေ များလာနိုင်ပါတယ်။ ဒါ့ကြောင့် အလုပ်ရတဲ့ စိတ်ဖိစီးမှုတွေကို ဖြေဖျောက်ဖို့ မိမိကိုယ်ပိုင်အချိန်တွေထဲမှာ ပျော်ရွှင်စရာ၊ စိတ်အပန်းပြေစရာ အချိန်တွေ၊ လှုပ်ရှားမှုလေးတွေ ထည့်ထားဖို့လိုပါတယ်။ ကွီးတို့ အလုပ်နဲ့ ဘဝကို ဟန်ချက်ညီအောင် ကွီးတို့ကိုယ်တိုင်ပဲ စီမံခန့်ခွဲရမှာပါ။ အလုပ်နဲ့ ဘဝဟန်ချက်ညီမှုကို မြှင့်တင်ခြင်းက ကွီးတို့ရဲ့ ခံနိုင်ရည်အား၊ တီထွင်ဖန်တီးနိုင်စွမ်းနဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒီအချက်ကလည်း ကွီးတို့ရဲ့ စိတ်ပင်ပန်း နွမ်းနယ်မှုကို ကျော်လွှားနိုင်မဲ့ နည်းဗျူဟာများ ထဲက တစ်ခုဖြစ်ပါတယ်။

(၃) အလုပ်နေရာ၊ ရုံးခန်းကို သန့်သန့်ရှင်းရှင်းနဲ့ စနစ်တကျထားပါ

စိတ်ပင်ပန်း နည်းဗျူဟာများ

Photo : Inc. Magazine

ရုပ်ပိုင်းဆိုင်ရာ ရှုပ်ယှက်ခတ်မှုတွေက စိတ်ပိုင်းဆိုင်ရာ နေရာတွေကိုလည်း ရှုပ်ထွေးမှု ဖြစ်စေနိုင်ပါတယ်။ ကျွန်တော်တို့ အလုပ်စားပွဲတွေမှာ များသောအားဖြင့် စာရွက်စာတန်းများ၊ ဖိုင်တွဲတွေ သတင်းစာ မဂ္ဂဇင်းတွေ၊ ကော်ဖီခွက်တွေနဲ့ ပြည့်နေလေ့ရှိပါတယ်။ ပုံမှန်အားဖြင့် ဒီအချက်က စိတ်ပေါ်သက်ရောက်မှု မကြီးမားသော်လည်းပဲ ကွီးတို့ စိတ်ရှုပ်နေတဲ့ အချိန်မှာ ဒီလိုစားပွဲပေါ်က အရှုပ်တွေက ကွီးတို့ကို ပိုစိတ်ရှုပ်ထွေးစေပြီး ဒေါသဖြစ်စေပါတယ်။ ဒါကြောင့် ကွီးတို့ အလုပ်နေရာ၊ ရုံးခန်းကို သန့်သန့်ရှင်းရှင်းနဲ့ စနစ်တကျထားခြင်းက ဒီအချက်ကို ဖြေရှင်းပြီးသား ဖြစ်စေမှာပါ။ ဒါ့အပြင် ဖိုင်တွဲစနစ်တွေ ၊ သူနေရာနဲ့သူ လက်လှမ်းမီအောင် စီစဉ်ထားခြင်းဟာ အမြင်ရှင်းလင်းပြီး၊ စိတ်ဖိစီးမှုကို သက်သာစေပါတယ်။

(၄) သဘာဝတရားနဲ့ ထိတွေ့ပါ

Mentally tired

Photo : Psych Central

ကွီးတို့ ကြုံတွေ့နေရတဲ့ စိတ်ပင်ပန်း နွမ်းနယ်မှုကို ကျော်လွှားနိုင်ဖို့ အထောက်အကူပြုမဲ့ နည်းဗျူဟာများ ထဲကတစ်ခုကတော့ လက်ရှိနေရာကနေ အပြင်ခဏထွက်လိုက်တာ ဒါမှမဟုတ် သဘာဝတရားနဲ့ ထိတွေ့လိုက်တာပါပဲ။ ကွီးတို့ ပတ်ဝန်းကျင်ကို စိတ်ပင်ပန်းမှု ဖြစ်စေတဲ့ နေရာကနေ နာရီဝက်ခန့် ထွက်လာလိုက်ပါ။ လတ်ဆတ်တဲ့လေနဲ့ နေရောင်ခြည်ရဲ့ ခံစားမှုက စိတ်ကို လန်းဆန်းစေနိုင်ပါတယ်။ ကွီးတို့ခံစားနေရတဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေကို အထိုက်အလျောက် ကျော်လွှားနိုင်ပါတယ်။

(၅) ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ

Mentally tired

Photo : Decathlon Blog

ကွီးတို့ရေ လူတော်တော်များများက စိတ်ပင်ပန်းနွမ်းနယ်နေတဲ့ အချိန် ကိုယ်ကိုယ်ကို ဂရုမစိုက်တော့ပါဘူး။ အမှန်တော့ ဒီလိုလုပ်တာဟာ မှားပါတယ်။ ကိုယ်ကိုယ်ကို ဂရုစိုက်တာဟာ စိတ်ပင်ပန်း နွမ်းနယ်မှုတွေကို လျော့ကျစေမဲ့ နည်းဗျူဟာများ ထဲကတစ်ခုပါပဲ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစားများကို စားပါ။ လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်းက ကွီးတို့ရဲ့ ကျန်းမာရေးအပြင် စိတ်ပိုင်းဆိုင်ရာကိုပါ အထောက်အကူပြုစေတဲ့ အတွက် အချိန်ပေးပြီး ပြုလုပ်ကြည့်ပါ။ ။ စိတ်ဖိစီးမှုကို စိတ်ပင်ပန်းနွမ်းနယ်မှုများကို လျှော့ချပေးနိုင်တဲ့ အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးလေ့ကျင့်ခန်းကတော့ လမ်းလျှောက်ခြင်း ပဲဖြစ်ပါတယ်။

(၆) တစ်စုံတစ်ယောက်နဲ့ တိုင်ပင်ပါ

Mentally tired

Photo : LoveDavani.com

ကွီးတို့ စိတ်ဖိစီးနေရတာ ဒါမှမဟုတ် စိတ်ပင်ပန်းနေတဲ့ အကြောင်းအရာများကို ကွီးတို့မိသားစုကို သော်လည်းကောင်း၊ မိတ်ဆွေသူငယ်ချင်း သော်လည်းကောင်း၊ ချစ်သူကိုလည်းကောင်း ရင်ဖွင့်တိုင်ပင်ကြည့်ပါ။ ဘယ်လို အကူအညီတွေရနိုင်မလဲဆိုတာ ဆွေးနွေးပါ။ ကိုယ့်ရဲ့ ခံစားချက်တွေကို မျှဝေခံစားပေးတဲ့ သူများကြောင့်လည်း ကွီးတို့ရဲ့ စိတ်ပင်ပန်းမှု အနည်းနဲ့အများကို လျော့ကျစေနိုင်ပါတယ်။

အခုဖော်ပြပေးလိုက်တဲ့ အချက်လေးတွေက ကွီးတို့ရဲ့ စိတ်ပင်ပန်း နွမ်းနယ်မှုများကို အထိုက်အလျောက် လျှော့ချပေးနိုင်မှာပါ။

Source : Better Up

Featured Photo : Regain