လူတစ်ယောက်မှာ စိတ် က အရေးကြီးဆုံးပါပဲ။ ဒီနေ့ခေတ်လို စိတ်ပင်ပန်းမှုနဲ့ ဖိအားများတဲ့ လူမှု့ဘဝပုံစံခွက်ထဲမှာ စိတ်လေး ကြည်ကြည်လင်လင် နေနိုင်ဖို့ဆိုတာ သိပ်ကိုခက်ခဲလာပါတယ်။ တစ်ခါတစ်ရံမှာ မျှော်လင့်မထားတဲ့ ကိစ္စတွေ ၊ နေ့တဒူဝကြုံတွေ့ရတဲ့ ဖိအားတွေဟာ စိတ်ရဲ့ ခံနိုင်အားကို တွန်းထိုးချိုးဖဲ့လာတဲ့အခါ စိတ်မကြည်လင်မှုတွေ ပိုပြီးဖြစ်ပေါ်လာ ရတာပဲ မဟုတ်လား။ ဒီလို စိတ်ပိုင်းဆိုင်ရာ မွန်းကြပ်မှုနဲ့ အဆင်မပြေမှုတွေကို အချိန်မီတွန်းလှန်ပြီး ကိုင်တွယ်ဖြေရှင်းမှုမလုပ်ရင် စိတ်ကျခြင်းကဲ့သို့ အဆိုးဆုံးအခြေအနေအထိကို ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို အကောင်းဆုံးကိုယ်တွယ်ဖြေရှင်ပြီး နေ့ရက်တိုင်းကို စိတ်လေး ကြည်ကြည် လင်လင်နဲ့ ဖြတ်သန်းနိုင်ဖို့ ကွီးတို့ကိုယ်တိုင် လုပ်ဆောင်နိုင်မယ့် အရာလေးတွေကို မျှဝေပေးချင်ပါတယ်။
(၁) အိပ်ရာစောစောထပါ
Photo : New York Post
တစ်နေ့တာလုံးမှာ မနက်အစောပိုင်းအချိန်ဟာ စိတ်ကြည်လင်မှုအရှိဆုံး ပါပဲ။ ဒီလို မနက်ခင်းစောစောမှာ အိပ်ရာထတာက စိတ်ခံစားမှုကို ပိုကောင်းစေပြီး စိတ်ကြည်ကြည်လင်လင်နဲ့ လန်းဆန်းတက်ကြွစေပါတယ်။ မနက်စောစော အိပ်ရာထသူတွေဟာ တွေးခေါ်မှုနဲ့ ဖန်တီးနိုင်စွမ်းတွေမှာလည်း ပိုကောင်းတာ တွေ့ရပါတယ်။ ဒါပေမယ့်အရေးကြီးဆုံးက ညဘက်မှာ စောစောအိပ်ရာဝင်ဖို့ပါပဲ။ ညဘက်စောစောအိပ်ပြီး မနက်ခင်းစောစောအိပ်ရာထမှသာ ခေါင်းကြည်ပြီး စိတ်ရွှင်လန်းနေမှာ ဖြစ်ပါတယ်။
(၂) စိတ်ခံစားမှုကို ပြောင်းလဲပါ
Photo : ISIC
အများစုဟာ မမျှော်လင့်ထားတဲ့ စိတ်ရှုပ်စရာ ကိစ္စတစ်ခုကြုံလိုက်တာနဲ့ အဲ့ဒီနေ့ တစ်နေ့တာလုံးမှာ ဘာပဲလုပ်လုပ်အဆင်မပြေ ဖြစ်တက်ပါတယ်။ တကယ်တော့ ဒါဟာမှားပါတယ်။ ကြိုတင်ခန့်မှန်းထားလို့ မရနိုင်တဲ့ စိတ်ရှုပ်စရာတွေ ၊ အဆင်မပြေမှုတွေဆိုတာ သင့်ဘဝထဲကို အချိန်မရွေး ဝင်လာနိုင်တာပဲ မဟုတ်လား။ ဒီလိုအခြေအနေမှာ အဓိက ကိုယ့်ရဲ့စိတ်ကို ပြင်လွယ်ပြောင်းလွယ် ရှိဖို့ပါပဲ။ သင့်အနေနဲ့ စိတ်ရှုပ်သွားပြီဆိုရင် သင့်ရဲ့ စိတ်ခံစားမှုတွေကို ချက်ချင်းပြောင်းလဲလိုက်ပါ။ စိတ်သက်သာရာရစေမယ့် အရာလေးတွေ များများတွေးပေးတာ ၊ ပန်းခြံထဲလမ်းလျောက်တာ ၊ သီချင်းနားထောင်တာ စသည်ဖြင့် သင့်ရဲ့ စိတ်ကို ပြန်လည်ကြည်လင်ရွင်လန်းလာစေမယ့် အရာလေးတွေပေါ် အာရုံစိုက်ပြီး စိတ်ခံစားမှုကို ပြောင်းလဲတက်ဖို့ လိုအပ်ပါတယ်။
(၃) မကောင်းတဲ့အတွေးတွေ ရှင်းထုတ်ပါ
Photo : Unsplash
ကျွန်တော်တို့ နေ့စဉ်တွေးတောနေတဲ့ အတွေးတွေထဲမှာ အဆိုးဘက်ကိုဦးတည်တဲ့ အတွေးတွေ ၊ အတိတ်က မကောင်းတဲ့ဖြစ်ရပ်အမှားတွေ များစွာ ကြီးစိုးနေတက်ပါတယ်။ ဒီလိုအဆိုးမြင်စိတ်နဲ့ အပြုသဘောင်မဆောင်တဲ့ အတွေးတွေ ၊ တွေးတောနေမိခြင်းဟာ သင့်ရဲ့ စိတ်ခံစားချက်ကို မှေးမှိန်လာစေပြီး စိတ်မပျော်မရွှင် မလန်းမဆန်း ဖြစ်စေနိုင်ပါတယ်။ အဓိက သင်လုပ်ရမှာက စိတ်ရဲ့ စေညွှန်ရာနောက်လိုက်ပြီး Negative အတွေးတွေထဲမှာ နစ်မြောမနေမိဖို့ပါပဲ။ မကောင်းတဲ့ အတွေးတွေ ဝင်လာတာနဲ့ ချက်ချင်းသတိကပ်ပြီး ရှင်းထုတ်ပါ။ အဲ့ဒီအစား တစ်နေ့တာကို ဘယ်လိုအကောင်းဆုံး ဖြတ်ကျော်မယ်ဆိုတဲ့ စိတ်ကူးလေးနဲ့ စိတ်ကြည်လင် တက်ကြွမှုကို ရယူနိုင်ပါတယ်။
(၄) စိတ်ကိုကောင်းကောင်းအနားပေးပါ
Photo : KSE Academy
ကျွန်တော်တို့ရဲ့ စိတ်နဲ့ အတွေးအာရုံကို အနားပေးဖို့ကလည်း မမေ့သင့်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။ စိတ်တွေ မွန်းကြပ်လာမှ ၊ စိတ်ပင်ပန်းမှုတွေ အရမ်းများလာမှ အနားပေးတာထက် နေ့စဉ်ဘဝထဲက အချိန်တချို့တဝက်ကို စိတ်ပိုင်းဆိုင်ရာ အနားယူခြင်းအတွက် ပုံမှန်လေးသုံးသွားသင့်ပါတယ်။ တစ်နေ့တာမှာ ၁၅ မိနစ်လောက် တရားထိုင်ပေးတာ ၊ ယောဂလေ့ကျင့်ခန်းလုပ်တာ ၊ တိတ်ဆိတ်အေးချမ်းတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ အချိန်ကုန်ဆုံး စတဲ့အချက်လေးတွေ လုပ်ပေးဖို့ လိုပါတယ်။ စိတ်က ကောင်းစွာအနားရမှသာလျှင် စိတ်အေးချမ်းရွှင်လန်းပြီး စိတ်ကြည် လင်လန်းဆန်းမှုကို ခံစားရမှာ ဖြစ်ပါတယ်။
Featured Photo : Unsplash