လူတစ်ယောက်အတွက် ကျန်းမာစွာ နေထိုင်လှုပ်ရှားနိုင်ဖို့ ကိုယ်ခံအားကောင်းဖို့ လိုပါတယ်။ ကိုယ်ခံအားကောင်းနေဖို့က လူတစ်ယောက်အတွက် မရှိမဖြစ်လိုအပ်ပြီး လူ့ခန္ဓာကိုယ်ရဲ့ သဘာဝကာကွယ်ရေး ယန္တရားပဲဖြစ်ပါတယ်။ ကိုယ်ခံစွမ်းအားကောင်းမှသာ မကြာခဏ နေမကောင်းဖြစ်ခြင်း၊ ရာသီအလိုက် ရောဂါများ ဖြစ်ပွားလွယ်ခြင်း၊ Covid-19 နဲ့ အခြားသောရောဂါများ လွယ်လွယ်ကူကူ ဖြစ်ပွားခြင်း စတာတွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ခံအားကောင်းဖို့ဆို စားသောက်မှုက အရေးပါသလို အဓိက အရေးကြီးတဲ့ အချက်ကတော့ ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုတွေ သို့မဟုတ် လေ့ကျင့်ခန်းတွေ ပုံမှန်ပြုလုပ်ခြင်းအားဖြင့် စိတ်ရော ကိုယ်ပါ တတ်ကြွစေပြီး စိတ်သွားတိုင်း ကိုယ်ပါ ကာ ကိုယ်ခံအားစနစ်ကိုလည်း တိုးမြင့်စေမှာ ဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ ကိုယ်ခံအားကောင်းစေဖို့ ထိရောက်တဲ့ အဓိကလေ့ကျင့်ခန်း (၃) ခုကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

လမ်းလျှောက်ခြင်း

စိတ်သွားတိုင်း ကိုယ်ပါ

Photo : Pexels

အသက်ကြီးကြီး ငယ်ငယ် ကိုယ်ခံအားကောင်းဖို့ဆိုရင် ကိုယ်နိုင်တဲ့ ကိုယ်လက်လှုပ်ရှားမှု တစ်ခု အမြဲပြုလုပ်သင့်ပါတယ်။ လမ်းလျှောက်ခြင်းက လူတိုင်းအသက်အရွယ်မရွေး ပြုလုပ်နိုင်ပြီး ထိရောက်တဲ့ အလယ်အလတ် လေ့ကျင့်ခန်း (၁) ခု ဖြစ်ပါတယ်။ ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့ဆိုရင် နေ့စဉ်ပုံမှန် နာရီဝက်ခန့် ခပ်သွက်သွက် လမ်းလျှောက်ပေးဖို့လိုပါတယ်။

နေ့စဉ်ပုံမှန်လမ်းလျှောက်ခြင်းဖြင့် leukocytes အတွင်းရှိ ခုခံအားဆဲလ်အရေအတွက်ကို တိုးစေပြီး ရောဂါပိုးများကို ကာကွယ်ပေးပါတယ်။ Harvard Health Publishing မှ လေ့လာမှုတစ်ခုအရ နေ့စဉ် မိနစ် ၂၀ ခန့် လမ်းလျှောက်သူများက ဖျားနာနိုင်ခြေ လျော့နည်းကြောင်း တွေ့ရှိခဲ့တယ် လို့ဆိုပါတယ်။

အေရိုးဗစ်လေ့ကျင့်ခန်းများ

စိတ်သွားတိုင်း ကိုယ်ပါ

Photo : FirstCry Parenting

အေရိုးဗစ် လေ့ကျင့်ခန်းများက ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတဲ့ လေ့ကျင့်ခန်းတွေဆိုလည်း မမှားပါဘူး။ အေရိုးဗစ်လေ့ကျင့်ခန်းများက နှလုံးအတွက် အကောင်းဆုံးဖြစ်ပြီး ကျန်းမာသောကိုယ်အလေးချိန်ကို ထိန်းသိမ်းရန် ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါ၊ ဆီးချို၊ လေဖြတ်တာနဲ့ ကင်ဆာဖြစ်နိုင်ခြေကိုလည်း လျော့ကျစေပါတယ်။

အေရိုးဗစ်လေ့ကျင့်ခန်းများက ခန္ဓာကိုယ်တွင်း ရောဂါပိုးများကို တိုက်ဖျက်ရာတွင် အထောက်အကူဖြစ်စေသော ခန္ဓာကိုယ်အပူချိန်ကိုလည်း မြင့်မားစေပါတယ်။ အဆစ်အမြစ် ကိုက်ခဲတတ်‌သော သက်ကြီးရွယ်အိုများအတွက် ခုခံအားမြှင့်တင်ပေးသည့် အကောင်းဆုံးဆေးမှာ ရေအေရိုးဗစ် လေ့ကျင့်ခန်းများလုပ်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

ယောဂ

Photo : Still Yoga Blog

ယောဂ လေ့ကျင့်ခန်းများက စိတ်ပိုင်းဆိုင်ရာအတွက် များစွာ အထောက်အကူပြုတယ်ဆိုတာ ကွီးတို့သိပြီးသား ဖြစ်မှာပါ။ ဒါ့အပြင် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ပါ အထောက်အကူပြုပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်သည့် လေ့ကျင့်ခန်းအဖြစ် လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း ကမ္ဘာတစ်ဝှမ်းတွင် ရေပန်းစားလာခဲ့ပါတယ်။ ယောဂကဲ့သို့သော လေ့ကျင့်ခန်းများသည် ခန္ဓာကိုယ်နှင့်စိတ်ကို ချိတ်ဆက်ရန်အတွက် တရားထိုင်ခြင်းနှင့် နက်ရှိုင်းသော အသက်ရှူခြင်းတို့ကို အသုံးပြုထားပါတယ်။

ယောဂကျင့်စဉ်များက ကျန်းမာသော ကိုယ်ခံအားစနစ်အတွက် အနှောင့်အယှက်ဖြစ်စေသော စိတ်ဖိစီးမှုများကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။ ကိုယ်ခံအားမြှင့်တင်ရန် ယောဂလေ့ကျင့်ခန်းအချို့မှာ Shalabasana သို့မဟုတ် Locust Pose၊ Anjaneyasana သို့မဟုတ် Low lunge pose၊ Bakasana သို့မဟုတ် Crow Pose၊ Tadasana သို့မဟုတ် Mountain Pose နှင့် Krupa Chaturanga Dandasana သို့မဟုတ် Four-Limbed Staff Pose တို့ဖြစ်ပါတယ်။

ကွီးတို့ရေ ဘယ်လို ကိုယ်လက်လှုပ်ရှားမှုမျိုးမဆို ကိုယ်ခံအားကောင်းစေပြီး ကျန်းမာစေဖို့ အထောက်အကူပြုပါတယ်။ ကွီးတို့လည်း လန်းဆန်းတတ်ကြွပြီး စိတ်သွားတိုင်း ကိုယ်ပါ စေဖို့ လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ဖို့ နှိုးဆော်လိုက်ရပါတယ်ဗျာ။

Source : Seasons Retirement

Featured Photo : Vista Create