အီဒင် ဟာဇက်ဆိုတဲ့ ဘောလုံးကြယ်ပွင့်တစ်ဦး တစ်ချိန်ချိန်မှာ ဘာလွန်းဒေါဆုရှင် ဖြစ်လာနိုင်တဲ့ ကစားသမားလို့ သတ်မှတ်ခဲ့ရသူ ဘောလုံးလောကမှာ legend player တစ်ဦး ဖြစ်လာနိုင်တဲ့ ကစားသမားလို့ ယူဆခံထားရတဲ့သူက အသက် (၃၂)နှစ်အရွယ်မှာပဲ ဘောလုံးသမားဘဝကနေ တရားဝင် အနားယူလိုက်တာက ဘောလုံးအသိုင်းအဝိုင်းက အံ့အားသင်ခဲ့ရပါတယ်။
Photo Credit : Eurosport
ဒါပေမယ့်လည်း ဟာဇက်က ရီးယဲလ် မက်ဒရစ်အသင်းနဲ့ လက်တွဲဖြုတ်ပြီး နောက်ပိုင်းကတည်းက ဟာဇက်အနေနဲ့ သူရဲ့ ဘောလုံးသမားဘဝကို ရှေ့မဆက်တော့ပဲ အဆုံးသတ်သွားတော့မယ်ဆိုတဲ့ သတင်းတွေ သဲ့သဲ့လေး ထွက်ပေါ်ထားပါတယ်။ ချယ်လ်ဆီးအသင်းမှာ အလွန်ကို ခြေစွမ်းတွေ ကောင်းမွန်ခဲ့တဲ့ ဟာဇက်က ချယ်လ်ဆီးထက် ပိုမို မြင့်မားတဲ့ အသင်းဖြစ်ပြီး ဟာဇက် အပါအဝင် ကစားသမား အများစုရဲ့ အိမ်မက်အသင်းဖြစ်သော ရီးယဲလ် မက်ဒရစ်အသင်းဆီ ရောက်သွားချိန်မှာ ဟာဇက်အတွက် ခုဏက ဖော်ပြထားတဲ့ ဘာလွန်းဒေါလို ဆုမျိုးနဲ့ပါ ပိုမို နီးစပ်သွားမယ်လို့ အားလုံး တွက်ဆခဲ့မိမှာ သေချာပါတယ်။
Photo Credit : Eurosport
အဲ့အချိန်မှာ ရီးယဲလ်ကလည်း သူတို့ရဲ့ အဓိက ကစားသမားကြီး ခရစ္စတီယာနို ရော်နယ်လ်ဒိုကို လက်လွတ်ထားရချိန်ဖြစ်လို့ သူ့နေရာအတွက် ရော်နယ်လ်ဒို နီးပါး ကျော်ကြားတဲ့ ကစားသမားဖြစ်သူ ဟာဇက်ကို အစားထိုး ခေါ်ယူခဲ့ပါတယ်။ ဟာဇက်ကလည်း သူကစားချင်ဆုံး ကလပ်အသင်းကြီးရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့တဲ့အပြင် ရာအူးလ် ရော်နယ်လ်ဒိုတို့လို ရီးယဲလ် legend ကြီးတွေ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် (၇)ကို ဆက်ခံခဲ့ရလို့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း သူရဲ့ ရီးယဲလ် ကစားသမားဘဝက ထင်ထားသလို မဖြစ်လာခဲ့ပဲ ဒဏ်ရာ ပြသာနာတွေကြောင့် ရီးယဲလ်အတွက် ဂျင်းကစားသမားပါ ဖြစ်သွားခဲ့ရပါတယ်။
Photo Credit : Sky Sports
ဟာဇက်က ရီးယဲလ်အသင်းအတွက် ဘောလုံးရာသီ (၄)ရာသီအတွင်း စုစုပေါင်း ပြိုင်ပွဲစုံ ပွဲပေါင်း (၁၄၉)ပွဲသာ ပါဝင်ကစားရင်း (၈)ဂိုးလေးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီလို အခြေအနေဆိုးတွေကြောင့် ရီးယဲလ်က ဒီနွေမှာပဲ ဟာဇက်နဲ့ စာချုပ်ဖျက်သိမ်းခဲ့ရာကနေ တစ်ချိန်တုန်းက တကယ်ကို တောက်ပလွန်းခဲ့တဲ့ ကြယ်ပွင့် ကစားသမား ဟာဇက်ဟာ အသက် (၃၂)နှစ်အရွယ်မှာပဲ အသင်းလက်မဲ့ ဖြစ်သွားခဲ့ရပြီး ကမ်းလှမ်းမှုတွေလည်း အထိုက်အလျောက် ရှိခဲ့ပေမယ့် ဟာဇက်ကတော့ ကစားသမားဘဝကို အဆုံးသတ်လိုက်ဖို့သာ ရွေးချယ်သွားခဲ့ပါတယ်။
Featured Photo : Goal