အခုတလော ရာသီဥတုက တော်တော်လေး ပူလာပြီဆိုတော့ စွပ်ကျယ် လက်ပြတ် အင်္ကျီတွေ အဝတ်များလာကြပါတယ်။ များသောအားဖြင့် စွပ်ကျယ် အင်္ကျီတွေကို အောက်ခံအင်္ကျီအနေနဲ့ Shirt တွေနဲ့ တွဲဝတ်ကြတာ များပါတယ်။ ဒါပေမယ့် စွပ်ကျယ် အင်္ကျီ တွေကို အပေါ်ထပ် မပါပဲ သူ့ချည်းသပ်သပ် စတိုင် ကျကျ ဝတ်မယ်ဆိုလည်း ဝတ်လို့ရပါတယ်။ ပူပြင်းတဲ့ အခုလိုရာသီမှာ အပူဒဏ်သက်သာပြီး သက်တောင့်သက်သာနဲ့ စတိုင်ကျနေစေဖို့ စွပ်ကျယ် လက်ပြတ် အင်္ကျီ တွေကို အထာကျကျ ဝတ်ဆင်လို့ရမယ့် နည်းလမ်းကောင်းတချို့ ကို ပြောပြပေးချင်ပါတယ်။
(၁) Slim-Fit စတိုင်
Photo : Dmarge
Slim-Fit စတိုင် စွပ်ကျယ် လက်ပြတ်အင်္ကျီ တွေက ကွီးတို့ရဲ့ ခန္ဓာကိုယ် ဘော်ဒီအချိုးအစားနဲ့ ကွက်တိကျစေပြီး ကြွက်သားတောင့်တောင့်နဲ့ ယောကျာ်းပီသတဲ့ စတိုင်ကို ပေးစွမ်းပါလိမ့်မယ်။ အရောင်အားဖြင့်တော့ အဖြူနဲ့ အနက် ၂ ရောင်ကို ဦးစားပေး ရွေးချယ်နိုင်ပါတယ်။ သက်တောင့်သက်သာရှိတဲ့ ချည်သားဘောင်းဘီတွေနဲ့ တွဲဝတ်နိုင်ပြီး အင်္ကျီကို ဘောင်းဘီထဲထည့်ဝတ်တာက ပိုစတိုင်ကျပါတယ်။ ခါးပတ်နဲ့ တွဲဝတ်နိုင်သလို ခါးပတ်မပါဘဲ ဝတ်မယ်ဆိုရင်လည်း အဆင်ပြေပါတယ်။
(၂) Relaxed-Fit စတိုင်
Photo : Dmarge
ခန္ဓာကိုယ်နဲ့ အရမ်းလည်းမပွ အရမ်းလည်းမကျပ်ပဲ သက်တောင့်သက်သာနဲ့ ပေါ့ပါ့ပါးပါးရှိတဲ့ Relaxed-Fit စွပ်ကျယ် လက်ပြတ် အင်္ကျီ တွေကလည်း နွေရာသီမှာ ဝတ်လို့ ကောင်းပါတယ်။ အရောင်ခပ်လွင်လွင်ရှိတဲ့ အင်္ကျီပုံစံတွေကို ရွေးချယ်နိုင်သလို ရေစိုစတိုင် နဲ့ လိုင်းအစင်းပါတဲ့ အင်္ကျီစတိုင်တွေက အမျိုးသားတွေနဲ့ ပိုပြီး လိုက်ဖက်မှု ရှိပါတယ်။ Sweatpants ဒါမှမဟုတ် ဘောင်းဘီအတို ဖက်ရှင်တွေနဲ့ တွဲဝတ်နိုင်ပြီး Minimalist စတိုင် Trainer Sneakers တွေ ၊ Boat Shoes တွေနဲ့ တွဲဝတ်မယ်ဆိုရင် ပြီးပြည့်စုံတဲ့ ဖက်ရှင်အသွင်ပြင်ကို ရစေမှာ ဖြစ်ပါတယ်။
(၃) ခါးရှည်စတိုင်
Photo : Dmarge
ခါးရှည်စတိုင် Longline စွပ်ကျယ် လက်ပြတ်အင်္ကျီ တွေကတော့ လွတ်လပ်ပေါ့ပါးမှု အပြည့်ရှိပြီး လူငယ်ဆန်ဆန် အထာကျစေမှာ ဖြစ်ပါတယ်။ Jeans ဘောင်းဘီ ၊ Sneakers တွေနဲ့ တွဲဝတ်နိုင်ပြီး ရိုးရိုးရှင်းရှင်းနဲ့ သက်တောင့်သက်သာရှိတဲ့ ဖက်ရှင်စတိုင်မျိုး ရစေမှာ ဖြစ်ပါတယ်။ အကယ်၍ အပေါ် ထပ် အင်္ကျီနဲ့ ဝတ်ချင်တယ်ဆိုရင်တော့ Bomber Jacket တွေနဲ့ တွဲဖက်ဝတ်ဆင်နိုင်ပါတယ်။ အရောင်ကတော့ Simple ဖြစ်တဲ့ မီးခိုရောင် ၊ အဖြူရောင် ကာလာတွေကို ဦးစားပေးရွေးချယ် သင့်ပါတယ်။
(၄) Sporty စတိုင်
Photo : Dmarge
လူငယ်ဆန်ပြီး အထာကျတဲ့ Street Style ဖက်ရှင်မျိုး ဝတ်ချင်တယ်ဆိုရင်တော့ Sporty ဆန်ဆန် ဘက်စကတ်ဘော လက်ပြတ်အင်္ကျီ တွေက အသင့်တော်ဆုံး ဖြစ်ပါတယ်။ ဘက်စကတ်ဘော အင်္ကျီတွေက ဝတ်ရတာ ပေါ့ပေါ့ပါးပါးနဲ့ သက်တောင့်သက်သာရှိစေပြီး လူငယ်ဆန်ဆန် စတိုင်ကျစေမှာ ဖြစ်ပါတယ်။ Joggers ဘောင်းဘီတွေ ၊ Baggy ဖြစ်တဲ့ ဘောင်းဘီအတို ဖက်ရှင်တွေနဲ့ တွဲဝတ်လို့ အကောင်းဆုံးဖြစ်ပြီး Sneakers ကောင်းကောင်းတစ်ရံကတော့ မပါမဖြစ်ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။
Featured Photo : Dmarge