အိပ်ရေးပျက်ခြင်းက ခန္ဓာကိုယ်ရဲ့ Energy ကိုလျော့ကျစေတဲ့ အဓိက အကြောင်းအရင်းတစ်ခုလို့ လူအများလက်ခံ ထားကြပါတယ်။ ဒါပေမယ့် ကွီးတို့ကို စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ ပင်ပန်းနွမ်းနယ်စေပြီး တစ်နေ့တာကို ရွှင်လန်းတက်ကြွမှုမရှိဘဲ ဖြတ်သန်းရစေတဲ့ အကြောင်းအရင်းတွေ များစွာလည်း ရှိနေပြန်ပါတယ်။ ဒီထဲကမှ ကွီးတို့ သတိမထားမိဘဲ စွမ်းအင် လျော့ကျအောင် လုပ်နေမိတဲ့ အဓိက အလေ့အကျင့်ဆိုး ၅ ခုအကြောင်း ပြောပြပေးချင်ပါတယ်။
(၁) ပြီးပြည့်စုံဖို့ ကြိုးစားခြင်း
Photo : Pexels
New York University School of Medicine ရဲ့ စိတ်ရောဂါကု ပါမောက္ခ Irene S. Levine က ” သင့်အနေနဲ့ လိုအပ်တာထက် ပိုပြီး ပြီးပြည့်စုံအောင် ကြိုးစားတာဟာ လူပန်းစိတ်နွမ်းခြင်းကိုသာ ဖြစ်စေတယ်” လို့ ဆိုပါတယ်။ ဟုတ်ပါတယ် ဘဝမှာ လက်တွေ့မကျတဲ့ ပန်းတိုင်တွေက အောင်မြင်ဖို့ ခက်ခဲသလို အရာရာတိုင်းမှာ Perfectionist တစ်ယောက်ဖြစ်အောင် ဖန်တီးယူခြင်းဟာလည်း အဆုံးသတ်မှာ ကိုယ့်ကိုယ်ကို မကျေနပ်ခြင်းနဲ့ အပြစ်တင်ခြင်းတွေသာ ဖြစ်လာစေနိုင်ပါတယ်။ ထိုအခါ စိတ်ရောလူပါ စွမ်းအင် လျော့ကျပြီး ပင်ပန်းနွမ်းနယ်ခြင်း စိတ်ကျခြင်းတွေ ခံစားလာရနိုင်ပါတယ်။ တကယ်တော့ ပြီးပြည့်စုံအောင် ကြိုးစားတာထက် ကိုယ်လုပ်နေတဲ့ အလုပ်တစ်ခုကို အကောင်းဆုံး စေတနာပါပါ လုပ်ဆောင်ဖို့သာ အရေးကြီးတာ ဖြစ်ပါတယ်။
(၂) အဆိပ်အတောက်ဖြစ်စေတဲ့ လူတွေနဲ့ ပြောဆိုဆက်ဆံခြင်း
Photo : Pexels
ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အဆိပ်အတောက် ဖြစ်စေတဲ့ လူတွေအများကြီး ရှိပါတယ်။ ဒီလိုလူတွေက ကိုယ့်စီက Energy တွေကို စုပ်ယူသွားလေ့ ရှိကြပါတယ်။ ဥပမာ အကောင်းမြင်စိတ်နည်းပါးသူတွေ ၊ အေးချမ်းမှုမရှိဘဲ အမြဲလိုလို ဒေါသထွက်နေသူတွေ ၊ အရာရာကို အပြစ်တင်ဝေဖန်ပြီး အဆိုးဘက်က ရှု့မြင်တက်သူတွေ ဒီလိုလူတွေနဲ့ ပြောဆိုဆက်ဆံလိုက်မိတဲ့အခါ ကိုယ့်မှာရှိတဲ့ စွမ်းအင်တွေပါ လျော့ကျသွားပြီး အဆိပ်အတောက်ဖြစ်စေတဲ့ မကောင်းတဲ့ အတွေးအမြင်တွေ ကူးစက်လာတက်ပါတယ်။ ဒါကြောင့် လူမှုဆက်ဆံရေးမှာ အဆိပ် အတောက်ဖြစ်စေတဲ့ Toxic People တွေနဲ့ ဝေးဝေးကရှောင်ဖို့ အကြံပြုချင်ပါတယ်။
(၃) အတွေးတွေ နောက်လိုက်ခြင်း
Photo : Pexels
လူတွေရဲ့ စိတ်ဟာ တစ်ရက်ကို အတွေးပေါင်း ၆၀၀၀၀ ကနေ ၈၀၀၀၀ ကြား တွေးလေ့ရှိကြတယ်လို့ ပညာရှင်တွေက ဆိုထားပါတယ်။ ဒီနှုန်း ထားအတိုင်းဆို တစ်နာရီကို ပျှမ်းမျှ အတွေးပေါင်း ၂၀၀၀ ကျော် ရှိပါတယ်။ အတွေးတွေများတာ စိတ်အာရုံတွေ ပျံ့လွင့်နေတာဟာ ကွီးတို့ရဲ့ ခန္ဓာကိုယ်စွမ်းအင်ကို လျော့ကျစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ ကွီးတို့ရဲ့ အတွေးတွေကို ထိန်းချုပ် ကန့်သတ်ပါ။ စိတ်ငြိမ်သက် အေးချမ်းမှုရစေဖို့ တရားထိုင်တဲ့ အလေ့အကျင့်ကို မွေးမြူသင့်ပါတယ်။
(၄) လေ့ကျင့်ခန်း ပုံမှန်မလုပ်ခြင်း
Photo : Pexels
လေ့ကျင့်ခန်းလုပ်တာက လူကိုပိုပင်ပန်းနွမ်းနယ်မှု မဖြစ်စေဘူးလားလို့ မေးခွန်ထုတ်နိုင်ပါတယ်။ ဂျော်ဂျီယာ တက္ကသိုလ်ရဲ့ လေ့လာမှုတစ်ခုမှာတော့ တစ်ပတ်ကို ၃ ရက် ၊ ၁ ရက်ကို မိနစ် ၂၀ ခန့် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလုပ်တာက ပင်ပန်းနွမ်းနယ်မှုကို သက်သာစေပြီး စွမ်းအင် ပိုမိုရရှိလာစေတယ်လို့ ဆိုထားပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းဟာ ခွန်အားနဲ့ ခံနိုင်ရည်ကို တိုးစေပြီး နှလုံးသွေးကြောစနစ်ကို ပိုမိုကောင်းမွန်အောင် ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေပြီး ပေါ့ပါးသွက်လက်စေကာ တစ်နေ့တာအတွက် စွမ်းအင် ပိုမိုရရှိစေမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် တစ်ရက်ကို အနည်းဆုံး မိနစ် ၂၀ ကနေ နာရီဝက်ခန့် အပေါ့စား လေ့ကျင့်ခန်း သို့မဟုတ် ကိုယ်လက်လှုပ်ရှားမှုတစ်ခုခု ပုံမှန်ပြုလုပ်ပေးဖို့ အကြံပြုချင်ပါတယ်။
(၅) ငြင်းပယ်ဖို့ လက်တွန့်ခြင်း
Photo : Pexels
ကျွန်တော်တို့ လူအများစုဟာ တစ်စုံတစ်ခုကို ငြင်းပယ်ဖို့ အတော်လေး ဝန်လေးတက် ကြပါတယ်။ အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ အားနာတယ်ဆိုတဲ့ စိတ်အရင်းခံနဲ့ No ဆိုတဲ့ စကားလုံးကို ပါးစပ်ကို ပြောထွက်ဖို့ ခက်ခဲနေတက်ပါတယ်။ တကယ်တော့ အခြေအနေ အကြောင်းအရာ ပေါ်မူတည်ပြီး No လို့ ပြောသင့်ရင် ပြောရမယ့် အချိန်တွေ ရှိပါတယ်။ အမြဲတမ်း လူတွေရဲ့ တောင်းဆိုမှုတွေကို လိုက်လျောဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကိုယ်မတက်နိုင်တဲ့ အရာတွေ ၊ မလုပ်နိုင်တဲ့ အရာတွေကို အားနာနာနဲ့ လက်ခံလိုက်မယ်ဆိုရင် ကိုယ်ပဲ မနိုင်ဝန်ထမ်းရာကျပြီး နှစ်ဆပိုပင်ပန်းရမှာပါ။ ဒါဟာ မလိုအပ်ဘဲ စွမ်းအင် ပိုကုန်ဆုံးရစေတဲ့ အကြောင်းအရင်းတစ်ခုပဲ မဟုတ်လား။ ဒါကြောင့် ငြင်းသင့်တာငြင်း လက်ခံသင့်တာ လက်ခံပါ။ ငြင်းပယ်ဖို့ လိုလာရင်လည်း No ဆိုတဲ့စကားလုံး ပြောဖို့ လက်မတွန့်ပါနဲ့။ တစ်ဖက်လူကို ယဉ်ယဉ်ကျေးကျေးနဲ့ အဆင်မပြေတဲ့အကြောင်း နားလည်လက်ခံအောင် ရှင်းပြပြီး ငြင်းပယ်လိုက်ဖို့ အကြံပြုချင်ပါတယ်။
Featured Photo : Pexels