မြန်မာစကားပုံမှာ “ ဆရာကောင်း တပည့် ပန်းကောင်းပန် ” ဆိုတာကို ကြားဖူးကြပါလိမ့်မယ်။ တကယ်တော် တကယ်တတ်ပြီး တကယ် အရည်အချင်းရှိတဲ့ ဆရာသမားတွေဆီကနေ ထွက်ပေါ်လာခဲ့တဲ့ တပည့်တိုင်းက အောင်မြင်မှု အသီးအပွင့်တွေကို အမြဲတမ်း ရရှိစမြဲပါ။ အခုပဲ ကြည့်လေ။ ကစားသမားဘဝတုန်းက ဆရာပက်ပ်နဲ့ လက်တွဲခဲ့ဖူးတဲ့ ဗင်းဆင့် ကွန်ပနီဟာ အခုဆိုရင် ဘန်လေအသင်းနဲ့ ချန်ပီယံရှစ်ရဲ့ ချန်ပီယံပါ ဖြစ်လာခဲ့ရပါတယ်။
Photo Credit : Goal
ဒီနှစ် ဘောလုံးရာသီကတော့ တိုက်ဆိုင်မှုပေါင်းများစွာနဲ့ ဆရာ ပက်ပ် ဂွာဒီယိုလာရဲ့ သားတပည့်များဖြစ်သော အာတေတာ ကွန်ပနီ ဇာဗီ နဲ့ အလွန်ဆိုတို့ အားလုံးက သူတို့ရဲ့ သက်ဆိုင်ရာ ကလပ်အသင်းတွေအတွက် အောင်မြင်မှုတွေ ရရှိအောင် စွမ်းဆောင်ပေးထားနိုင်ကြပါတယ်။ ဒီနေ့ညမှာဆိုရင်လည်း သူရဲ့လက်ထောက်နည်းပြဟောင်း အာတေတာရဲ့ အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်သွားရပါဦးမယ်။ အာတေတာကို ခဏထားပြီး ကွန်ပနီအကြောင်းပဲ ပြန်ဆက်ချင်ပါတယ်။
Photo Credit : Sport Ration
ကွန်ပနီက အန်ဒါလက်ချ်အသင်းမှာ ကစားသမားဘဝကို အဆုံးသတ်ပြီးတာနဲ့ နည်းပြအဖြစ် ချက်ချင်း ပြောင်းလဲ တာဝန်ယူခဲ့ပေမယ့်လည်း ဘာမှ ထိထိရောက်ရောက် မရှိခဲ့ပါဘူး။ ဒါပေမယ့် ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ဆီ တန်းဆင်းထားတဲ့ ဘန်လေအသင်းက နည်းပြအတွေ့အကြုံ နုနယ်သေးတဲ့ ကွန်ပနီကို အသင်းနည်းပြအဖြစ် ယုံယုံကြည်ကြည် နေရာပေးခဲ့ရာ ကွန်ပနီက သူရဲ့အောင်မြေဖြစ်သော အင်္ဂလန်မြေဆီ ပြန်လည် ခြေချဖြစ်တဲ့ ပထမဆုံး ဘောလုံးရာသီမှာပဲ အသင်းကို ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ ချန်ပီယံအဖြစ်နဲ့ ပရီးမီးယားလိဂ်ဆီ တတ်လှမ်းနိုင်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။
Photo Credit : Football365
ကစားသမားဘဝတုန်းက မန်စီးတီး အသင်းခေါင်းဆောင်အဖြစ်နဲ့ ပရီးမီးယားလိဂ်မှာ ထွန်းတောက်ခဲ့ဖူးသူ ကွန်ပနီဟာ အခုဆိုရင် နည်းပြတစ်ဦးအဖြစ်နဲ့ ပရီးမီးယားလိဂ်ဆီ တစ်ကျော့ပြန် ရောက်ရှိလာပါတော့မယ်။ လက်ရှိမှာ သူ့ကို အလိုရှိနေတဲ့ ကလပ်အသင်းတွေကလည်း ဒုနဲ့ဒေး ဖြစ်လာရပေမယ့် သူ ကိုယ်တိုင်ကတော့ ဘန်လေအသင်းမှာပဲ ဆက်လက် ရှိနေပြီး ပရီးမီးယားလိဂ် ခရီးရှည်ကြီးကို ဆက်လက် ဖြတ်သန်းသွားဖွယ်သာ ရှိနေပါတယ်။
Featured Photo : Twitter