ရီးယဲလ် မက်ဒရစ်အသင်းကနေ ဆော်ဒီလိဂ်ကလပ် အယ်လ် အစ်တီဟတ်အသင်းဆီကို ပြောင်းရွှေ့ထားခဲ့တဲ့ ပြင်သစ် ဝါရင့် တိုက်စစ် ကစားသမားကြီး ကာရန် ဘန်ဇီမာက သူ အခု ပါဝင်ကစားနေတဲ့ ဆော်ဒီလိဂ်ပြိုင်ပွဲဟာ ကမ္ဘာ့အကောင်းဆုံး လိဂ်ပြိုင်ပွဲတစ်ခု ဖြစ်လာနိုင်တယ်လို့ သုံးသပ် ပြောဆိုလိုက်ပါတယ်။

benzema

Photo Credit : The Real Champs

ဘာလွန်းဒေါဆုရှင်ဟောင်း တိုက်စစ်မှူးကြီး ဘန်ဇီမာက ဒီနွေရာသီမှာ ရီးယဲလ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးချိန် ဆော်ဒီပရိုလိဂ်ရဲ့ လက်ရှိချန်ပီယံ အယ်လ် အစ်တီဟတ်အသင်းဆီ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့ပါတယ်။ လက်ရှိမှာတော့ ဘန်ဇီမာက သူရဲ့ လက်ရွေးစင် အသင်းဖော်ဟောင်း ကန်တေ ၊ လီဗာပူးလ် ကွင်းလယ်လူဟောင်း ဖာဘင်ဟိုတို့နဲ့ တွဲဖက်ပြီး အယ်လ် အစ်တီဟတ်အတွက် ပြိုင်ပွဲစုံ (၁၀)ပွဲကစားထားရင်း (၆)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။

benzema ittihad

Photo Credit : Sports Illustrated

အခုလို ဥရောပ ဘောလုံးနယ်ပယ်ကို စွန့်ခွာပြီး ဆော်ဒီလိဂ်ဆီ ပြောင်းရွှေ့လာခဲ့တဲ့ ဘန်ဇီမာက “ဆော်ဒီလိဂ် ပြိုင်ပွဲဟာ ကမ္ဘာ့အကောင်းဆုံးလိဂ် ဖြစ်လာနိုင်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေပါတယ်။ ကလပ်အသင်းတွေဆီ ပရော်ဖက်ရှင်နယ် ကစားသမား အရေအတွက်တွေ ပိုပြီး ရောက်လာမယ်ဆိုရင် လိဂ်ပြိုင်ပွဲရဲ့ တိုးတက်မှုတွေ ပိုပြီး ဖြစ်လာစေနိုင်ပါတယ်။” လို့ သုံးသပ် ပြောကြားသွားခဲ့ပါတယ်။ ဘန်ဇီမာလိုပဲ သူ့အသင်းဖော်ဟောင်း ရော်နယ်လ်ဒိုကလည်း ဆော်ဒီလိဂ်ဟာ ကမ္ဘာ့အကောင်းဆုံး လိဂ်ပြိုင်ွဲ (၅)ခုစာရင်းမှာ ပါဝင်နိုင်တယ်လို့ ပြောကြားဖူးသလို နေမာလည်း သူရဲ့အသင်းဟောင်း ပီအက်စ်ဂျီ ပါဝင် ယှဉ်ပြိုင်နေတဲ့ ပြင်သစ်လီဂူးထက် ဆော်ဒီလိဂ် ပိုကောင်းတဲ့ ပြိုင်ပွဲ ဖြစ်လာလိမ့်မယ်လို့လည်း ပြောထားခဲ့ပါသေးတယ်။

ronaldo neymar benzema

Photo Credit : El Espanol

ဒါပေမယ့် ဆော်ဒီကို ရောက်ရှိလာတဲ့ ဒီစူပါစတား ကစားသမားတွေရဲ့ ပြောဆိုလာတဲ့ စကားတွေက ဆော်ဒီလိဂ် တာဝန်ရှိသူတွေ အလိုကျမယ့် စကားတွေကို ပြောဆိုခဲ့ခြင်းဖြစ်ပြီး ဒီလို ပြောဆိုခြင်းတဲ့အတွက် ဒီကစားသမားတွေက ငွေကြေး အကျိုးအမြတ် ရရှိနေလို့သာ ဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။ ဆော်ဒီလိဂ်ကလည်း နာမည်ကြီး ဘောလုံးသမားတွေကို မက်မောလောက်စရာ လစာတွေအပြင် အခြားသော ခံစားခွင့်များနဲ့အတူ ဆော်ဒီလိဂ်ကို ဂုဏ်တင်ပေးမှုတွေ ပြုလုပ်ပေးရင် ဆုကြေးတွေပါ ထပ်ပေးသွားမယ်ဆိုတဲ့ ကမ်းလှမ်းမှုတွေပါ လုပ်ဆောင်ထားခဲ့ပါသေးတယ်။

Featured Photo : ESPN