ဆော်ဒီ ကလပ်အသင်းတွေရဲ့ ငွေသုံးစွဲမှုတွေကြောင့် အခုဆိုရင် ဥရောပ ဘောလုံးနယ်ပယ်က ဘောလုံးသမား တော်တော်များများဟာဆိုရင် ဆော်ဒီကို လစ်ကုန်ကြပါပြီ။ တချို့ကလည်း free transfer ကိုမှ လုပ်ခလစာ များစွာနဲ့ လစ်ကုန်ကြသလို တချို့ကလည်း ပြောင်းရွှေ့ကြေးနဲ့ရော လုပ်ခလစာပါ မြင့်မားစွာနဲ့ကို ပြောင်းရွှေ့ဖြစ်ခဲ့ကြပါတယ်။ အခုလည်း စီးတီး တောင်ပံကစားသမား မာရက်ဇ်ပါ ဆော်ဒီကို လစ်ဖို့ စဉ်းစားလာခဲ့ပါတယ်။
Photo Credit : Twitter
တကယ်တော့ မာရက်ဇ်ကို ဆော်ဒီကလပ်အသင်းတွေက အစောပိုင်းကတည်းက ကမ်းလှမ်းထားခဲ့တာပါ။ ဆော်ဒီကလပ်တွေရဲ့ ကိုယ်စားလှယ်တွေက မန်ချက်စတာထိ လာရောက်ပြီး အယ်လ်ဂျီးရီးယား ကစားသမားအတွက် ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် အဆင်ပြေမှုတော့ မရှိခဲ့ဘူး။ အခုက နောက်တစ်ကြိမ် ကြိုးပမ်းမှုဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ မာရက်ဇ်ကိုယ်တိုင် ဆော်ဒီကို ဒိုးဖို့ ဆန္ဒရှိလာခဲ့ပါတယ်။
Photo Credit : Get French Football News
ဆော်ဒီကလပ် အယ်လ်အာလီအသင်းက မာရက်ဇ်အတွက် ပြောင်းရွှေ့ကြေး ပေါင် (၄၅)သန်းနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီနွေမှာ စီးတီးရဲ့ ဘယ်ခြမ်းက ဘာနာဒို ဆေးလ်ဗားရော မာရက်ဇ်ပါ အနာဂတ် မတည်မငြိမ် ဖြစ်နေချိန် ကစားသမားနှစ်ဦးလုံးကို တပြိုင်နက်တည်းပါ လက်လွတ်သွားဖို့ ရှိလာနိုင်တာကြောင့် ဒီအခြေအနေကို သေချာ စဉ်းစားဖွယ် ရှိနိုင်ပါတယ်။ လက်ရှိမှာတော့ စီးတီးက ဆေးလ်ဗားကို ပေါင် (၇၅)သန်းလောက်နဲ့ ရောင်းချသွားနိုင်တာမို့ မာရက်ဇ်ကိုတော့ အသင်းမှာ ဆက်ထိန်းထားဖွယ်လည်း ရှိနေပါတယ်။
Photo Credit : DayFR Euro
ဒါပေမယ့် အစ္စလာမ်တစ်ဦးဖြစ်တဲ့ မာရက်ဇ်က အစ္စလာမ်နိုင်ငံဖြစ်သော ဆော်ဒီအာရေဗျမှာ ဘောလုံးကစားရင်းနဲ့ မက်မောလောက်စရာ လုပ်ခလစာတွေကိုလည်း ရယူသွားချင်နေပါတယ်။ နောက်ဆက်တွဲ သတင်းတွေထဲမှာတော့ အယ်လ်အာလီက မာရက်ဇ်နဲ့ပါ သဘောတူညီမှု ရယူထားနိုင်ပြီဖြစ်လို့ အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့က အယ်လ်အာလီ နဲ့ စီးတီးတို့ကြားသာ ညှိနှိုင်းရတော့မယ်လို့ သိရပါတယ်။
Featured Photo : Daily Mail