လက်ရှိ အချိန်အထိ စပယ်ရှယ်ဝမ်း ဖြစ်နေသေးတဲ့ နည်းပြကြီး ဂျိုဆေး မော်ရင်ဟိုကတော့ ဥရောပမှာ နောက်ထပ် အောင်မြင်မှုတစ်ခု ထပ်မံ ရယူနိုင်အောင် လုပ်ဆောင်နိုင်ခဲ့ပြန်ပါပြီ။ ခံစစ် အသားပေး ဟန်ပန်တွေနဲ့ နာမည်ကြီးလာခဲ့ရသူ မော်ရင်ဟိုဟာ မနေ့ညက လေဗာကူဆင် နဲ့ ရိုးမားပွဲစဉ်မှာလည်း ပကျော့ကတည်းက အနိုင်ရထားတဲ့ ရလဒ်ကြောင့် ဂျာမန်မြေမှာ ကစားရတဲ့ ဒုကျော့မှာ ခံစစ်ကိုသာ ဦးစားပေးခဲ့ရင်းနဲ့ ဖိုင်နယ်အဆင့်ဆီကို တက်လှမ်းသွားခဲ့ရပါတယ်။

jose

Photo Credit : Twitter

တကယ်တော့ ရိုးမားအသင်းက ဒီရာသီမှာ ဖိုင်နယ်ကို လိမ်ဖယ်လိမ်ဖယ်နဲ့ တက်လာခဲ့တာပါ။ အုပ်စုအဆင့်ကနေတောင် ပြုတ်သွားနိုင်လောက်တဲ့အထိလည်း ကြုံခဲ့ရပါသေးတယ်။ ဒါပေမယ့်လည်း ဥရောပ အတွေ့အကြုံပေါင်းများစွာ ရှိနေသူ နည်းပြကြီး ဆျာမော်က အသင်းကို ဆွဲတင်လာခဲ့တာ ဖိုင်နယ်အဆင့်ထိပါပဲ။ အခုဆိုရင် ဆျာမော်က ရိုးမားအသင်းကို ဥရောပပြိုင်ပွဲ (၂)ခုရဲ့ ဖိုင်နယ်တွေဆီ (၂)နှစ်ဆက်တိုက်တောင် ပို့ဆောင်ပေးနိုင်ခဲ့သလို သူ ကိုယ်တိုင်ကလည်း ဒီလို ဥရောပ ပြိုင်ပွဲကြီးတွေရဲ့ ဖိုင်နယ်ကို ရောက်တိုင်း ဗိုလ်စွဲတတ်တဲ့ အစဉ်အလာကောင်းတွေ ပိုင်ဆိုင်ထားတာမို့ ဒီတစ်ချိန်မှာရော ရိုးမားကို ယူရိုပါလိဂ် ချန်ပီယံ ဖြစ်စေမလားဆိုတာ စိတ်ဝင်စားစရာပါ။

jose mourinho

Photo Credit : BT Sports

မော်ရင်ဟိုက ပေါ်တိုအသင်းနဲ့ ယူရိုပါလိဂ်(သူတို့ခေတ်တုန်းက UEFA Cup လို့ ခေါ်ကြပါတယ်)ဖလား စတင် ယူဆောင်ပေးတယ်။ ပြီးတော့ ချန်ပီယံလိဂ် ထပ်ယူပေးတယ်။ အင်တာမီလန်မှာလည်း ချန်ပီယံလိဂ် အပါအဝင် ဖလား(၃)လုံးကို တစ်ရာသီတည်း ရယူပေးတယ်။ မန်ယူနိုက်တက်အတွက်ကိုလည်း ယူရိုပါလိဂ် ယူပေးထားတယ်။ မနှစ်ကပဲ ရိုးမားကို ကွန်းဖရန့်စ်လိဂ် ချန်ပီယံ ဖြစ်စေခဲ့ပြီး ချန်ပီယံလိဂ် ယူရိုပါလိဂ် နဲ့ ကွန်းဖရန့်စ်လိဂ်တို့ကို ရယူနိုင်ခဲ့ဖူးတဲ့ ပထမဆုံးသော နည်းပြအဖြစ် မှတ်တမ်းတင်ခဲ့တယ်။ အခုလည်း ရိုးမားနဲ့ပဲ ယူရိုပါလိဂ် ဖိုင်နယ်ထိ ရောက်ရှိသွားပြန်ပါပြီ။

Photo Credit : ESPN

တစ်ခုရှိတာကတော့ သူ အခု ယူရိုပါလိဂ် ဖိုင်နယ်မှာ ရင်ဆိုင်ရမယ့် အသင်းက ယူရိုပါလိဂ် ဘုရင်ကြီး ဆီဗီလာပါ။ ယူရိုပါလိဂ် ဖိုင်နယ်ကို (၆)ကြိမ် တက်ပြီး (၆)ကြိမ်လုံး ဗိုလ်စွဲထားခဲ့တဲ့ အသင်း ဖြစ်နေတာမို့ ဥရောပပြိုင်ပွဲတွေရဲ့ ဖိုင်နယ်ကို တက်တိုင်း ချန်ပီယံ ဖြစ်ထားတဲ့ မော်ရင်ဟို နဲ့ ယူရိုပါလိဂ်မှာ ဖိုင်နယ် တက်တိုင်း ချန်ပီယံ ဖြစ်ခဲ့တဲ့ ဆီဗီလာတို့ရဲ့ ပြိုင်ဆိုင်မှုက ဒီရာသီ ချန်ပီယံဖိုင်နယ်ထက်တောင် စိတ်ဝင်စားဖို့ ကောင်းနေမှာ အသေအချာပါပဲ။

Photo Credit : Twitter