ရိုးမားအသင်းရဲ့ ပေါ်တူဂီလူမျိုး နာမည်ကျော် ဘောလုံးနည်းပြကြီး ဂျိုဆေး မော်ရင်ဟိုဟာ ဆော်ဒီ စူပါလိဂ်ကလပ် အယ်လ်အီလယ်အသင်းရဲ့ မက်မောလောက်စရာ ကမ်းလှမ်းမှုကြီးတစ်ရပ်ကို ပယ်ချသွားခဲ့ပြီး လက်ရှိကလပ် ရိုးမားအသင်းမှာသာ ဆုံးဖြတ်သွားခဲ့ပါတယ်။

jose mourinho

Photo Credit : Eurosport

ဆော်ဒီ ကလပ်အသင်းတွေက ဒီနွေဈေးကွက်အတွင်းမှာ ဥရောပက ဘောလုံး ကလပ်အသင်းတွေထက်ကိုပင် လှုပ်ရှားမှုတွေ တအားကောင်းနေပြီး ကစားသမားတွေကိုသာမက နည်းပြတွေအထိ စတင် ကမ်းလှမ်းလာကြပါတယ်။ သူတို့ လိုချင်နေတဲ့ နည်းပြတွေထဲမှာ စပယ်ရှယ်ဝမ်းကြီး မော်ရင်ဟိုလည်း ပါဝင်လာခဲ့ပါတယ်။ ဒါကြောင့် မော်ရင်ဟိုကို အသားတင်လစာအဖြစ် တစ်နှစ်ကို ပေါင် (၂၆)သန်း အထိတောင် ပေးချေသွားမယ်ဆိုတဲ့ မက်လုံးမျိုးနဲ့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

mourinho roma

Photo Credit : Sempreinter

နည်းပြကြီး မော်ရင်ဟိုကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တဲ့ ဆော်ဒီကလပ်ကတော့ ကူလီဘာလီ နေးဗက်စ်တို့ကို ခေါ်ယူထားတဲ့ အယ်လ်ဟီလယ်အသင်းဖြစ်ပြီး မော်ရင်ဟိုထံ မချဉ်းကပ်ခင်ကလည်း ဂျုဗင်တစ်နည်းပြ အယ်လီဂရီကို ကြိုးပမ်းခဲ့ဖူးပါသေးတယ်။ ဒါပေမယ့် အယ်လီဂရီက ပယ်ချခဲ့လို့ မော်ရင်ဟိုကို ပြန်ပြီး ပစ်မှတ်ထားလာတာ ဖြစ်ပေမယ့် မော်ရင်ဟိုကတော့ ကမ္ဘာ့ဘောလုံးလောကရဲ့ လစာအမြင့်မားဆုံး ဘောလုံးနည်းပြတစ်ဦး ဖြစ်လာမယ့် အခွင့်အရေးကိုပါ နှစ်ခါ စဉ်းစားမနေပဲ ငြင်းဆန် ပယ်ချလိုက်ပါတယ်။

mourinho

Photo Credit : CNN

ဒါကြောင့်လည်း လက်ရှိအချိန်အထိ ဆော်ဒီကို နာမည်ကြီး ထိပ်တန်း ဘောလုံးသမားတွေ တစုတဝေး ရောက်ရှိနေသည့်တောင် ဘောလုံးနည်းပြကြီးတွေကတော့ ပြောင်းရွှေ့လာခြင်း မရှိပဲ သက်ဆိုင်ရာ ကလပ်အသင်းတွေမှာသာ ကျင်လည်နေကြသလို အသင်းလက်မဲ့ ဖြစ်နေတဲ့ ထိပ်တန်း နည်းပြတချို့ဆိုရင်လည်း ဥရောပမှာပဲ ဆက်လက် ဖြတ်သန်းသွားဖို့သာ ဆန္ဒရှိလို့နေပါတယ်။ အယ်လ်ဟီလယ်အနေနဲ့ကတော့ နောက်ထပ် ကစားသမားသစ် ခေါ်ယူမှုအဖြစ် အီတလီ ကွင်းလယ်လူ မာကို ဗာရက်တီကိုပါ ထပ်မံ ခေါ်ယူနိုင်ဖွယ် ရှိနေပြီး နည်းပြသစ်တစ်ဦးကိုလည်း အလျင်အမြန် ရှာဖွေသွားဖို့ပါ အသေအချာ စီစဉ်နေပါတယ်။