ကွီးတို့ရေ ဆွဲဆောင်မှု ရှိတယ်၊ သပ်ရပ်ကြည့်ကောင်းနေတယ်ဆိုတာ ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်းနဲ့ Personality ကိုဖော်ပြခြင်း တစ်မျိုးပါပဲ။ သပ်ရပ်ကြည့်ကောင်းပြီး ဆွဲဆောင်မှုရှိဖို့အတွက် အလေ့အကျင့်ကောင်းတွေနဲ့ ဖန်တီးယူလို့ရပါတယ်။ ဒီနေ့မှာတော့ ကွီးတို့အတွက် ဆွဲဆောင်မှုရှိတဲ့ အမျိုးသား တစ်ယောက်ဖြစ်စေဖို့ နေ့စဉ်ပြုလုပ်သင့်တဲ့ အလေ့အကျင့်ကောင်းများ ကိုဝေမျှပေးချင်ပါတယ်။
နေ့စဉ်ကျန်းမာရေး အလေ့အကျင့်ကောင်းများပြုလုပ်ပါ
Photo : mardiknartin.com
ကွီးတို့ရေ ဆွဲဆောင်မှုရှိတဲ့ အမျိုးသား တစ်ယောက်ဖြစ်စေဖို့အတွက် ကျန်းမာကြံ့ခိုင်ရေးကလည်း အရေးကြီးပါတယ်။ တစ်နည်းအားဖြင့် ကျန်းမာကြံ့ခိုင်သော ကိုယ်ခန္ဓာရှိခြင်းက ကွီးတို့အားလုံး ပိုင်ဆိုင်နိုင်တဲ့ ဆွဲဆောင်မှုတစ်ခုပဲ ဖြစ်ပါတယ်။ ကွီးတို့အနေနဲ့ ကျန်းမာဖို့အတွက်ဆိုရင် တစ်ပတ်လျှင် ၃ ရက် အနည်းဆုံး လေ့ကျင့်ခန်းလုပ်ခြင်း၊ မှန်ကန်စွာ စားသောက်ခြင်း၊ အာဟာရပြည့်ဝစွာ စားသောက်ခြင်း နဲ့ ဆေးလိပ် မူးယစ်ဆေးဝါး ရှောင်ခြင်း၊ အိပ်ရေး ဝဝ အိပ်ခြင်း စသည့်အလေ့အကျင့်ကောင်းများကို ပျိုးထောင်ပါ။
တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုစိုက်ပါ
Photo : Corporate Bytes
တစ်ကိုယ်ရည် သန့်ရှင်းရေးဟာ သန့်ရှင်းသပ်ရပ်ဖို့သာမက ကျန်းမာရေးအတွက်လည်း အရေးပါတာကြောင့် လူတိုင်း ဂရုစိုက်သင့်တဲ့ အရာပါ။ ခန္ဓာကိုယ်ကို အနံ့အသက်ကင်းရှင်းအောင် အမြဲဂရုစိုက်ပါ။ ဒါ့အပြင် ခံတွင်း သန့်ရှင်းရေးကလည်း အရေးပါပါတယ်။ မျက်နှာအသားအရေအတွက်လည်း တစ်နေ့ကို နှစ်ခါ ကွီးတို့မျက်နှာအသားအရေနဲ့ လိုက်ဖက်တဲ့ မျက်နှာသစ်ဆေးကို အသုံးပြုပါ။ အမြဲနေလောင်ကာ ခရမ်တစ်မျိုးမျိုးကို လိမ်းပါ။ အသားအရေ စိုပြေစေဖို့ ရေများများသောက်ပါ။ ထို့အပြင် ကွီးတို့ကမုတ်ဆိတ်မွှေးထားတတ်သူ ဆိုလျှင်လည်း သန့်ရှင်းရေးကို သေချာစွာ ဂရုစိုက်ပြီး ကွီးတို့နဲ့ လိုက်ဖက်သောပုံစံ ကိုထားရှိပါ။
ကောင်းမွန်စွာဝတ်စားဆင်ယင်ပါ
Photo : Irreverent Gent
ဆွဲဆောင်မှုရှိတဲ့ အမျိုးသား တစ်ယောက်ကို ကြည့်လိုက်ရင် အမြဲတမ်း ၎င်းတို့ဝတ်ဆင်ထားတဲ့ အဝတ်အစားနဲ့လိုက်ဖက်နေတာ တွေ့ရမှာပါ။ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်မျိုး မရှိသော်လည်း ကွီးတို့ ခန္ဓာကိုယ်အမျိုးအစားနှင့် လိုက်ဖက်ညီပြီး စတိုင်ကျနေစေရန် သေချာစွာ ရွေးချယ်၀တ်ဆင်ပါက အလိုလို ဆွဲဆောင်မှုရှိလာမှာ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ ဝတ်စားဆင်ယင်ပုံဟာ လူတွေက ကွီးတို့အပေါ် ဘယ်လိုမြင်သလဲဆိုတဲ့အပေါ် သိသိသာသာ သက်ရောက်မှုပါတယ်။ ကွီးတို့ရဲ့ လုပ်ငန်းခွင်နဲ့ လိုက်ဖက်တဲ့ ပရော်ဖက်ရှင်နယ်ဆန်ဆန် ဝတ်စားဆင်မှုကို ရွေးချယ်တတ်ဖို့ကလည်း အရေးပါပါတယ်။
ပြုံးပါ
Photo : Body Language Central
ကွီးတို့ရေ လုပ်ငန်းခွင်ထဲမှာ ဖြစ်ပါစေ၊ ကွီးတို့ ပတ်ဝန်းကျင်ကလူ အများကို အပြုံးဖြင့်ဆက်ဆံပါ။ အပြုံးကိုဆင်မြန်းထားခြင်းဟာ ကွီးတို့ဟာဖော်ရွေသော သူတစ်ယောက်ဆိုတာ ဖော်ပြပြီးသားဖြစ်ပါတယ်။ အပြုံးကို လူတိုင်းနှစ်သက်ကြတဲ့ အပြင် ကွီးတို့ကို ဆွဲဆောင်မှုလည်းရှိစေပါတယ်။
အလုပ်ကြိုးစားပါ
Photo : The Amino Company
တစ်ခုခုကို သေချာစွာမလုပ်ဆောင်တတ်တဲ့သူကို လူတော်တော်များများက သဘောမကျပါဘူး။ ဆန့်ကျင်ဘက်အားဖြင့် အမျိုးသားတစ်ယောက်အတွက် ရည်မှန်းချက်ရှိပြီး အလုပ်ကို အာရုံစိုက်ပြီး ကြိုးစားနေတဲ့ ကွီးတို့ရဲ့ ပုံရိပ်ဟာ တကယ်ကိုဆွဲဆောင်မှုရှိပါတယ်။
ကိုယ့်ကိုယ်ကို ယုံကြည်မှုပါ
Photo : The Aspiring Gentleman
ဆွဲဆောင်မှုရှိတဲ့ အမျိုးသား တွေကိုကြည့်လိုက်ရင် ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့်အဝရှိတာ တွေ့ရမှာပါ။ တစ်ခုခုကို လုပ်ကိုင်ဆောင်ရွက်ရမယ်ဆိုရင် မတွန့်ဆုတ်ပါနဲ့၊ ရဲရဲဝံ့ဝံ့လုပ်ဆောင်ပါ။ ကြိုးစားပါ။ အပြုသဘောဆောင်တဲ့ အတွေးအမြင်တွေထားရှိပြီး ကွီးတို့ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ကိုဖြည်းဖြည်းချင်း တည်ဆောက်သွားပါ။
Source : Alpham
Featured Photo : Best Life