ကွီးတို့ရေ ညအိပ်ချိန် လုံလုံလောက်လောက် ရှိပြီး အိပ်ရေးဝပါသလား။ အိပ်စက်အနားယူခြင်း လူ့ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်အတွက် အရေးကြီးသော အခန်းကဏ္ဍတစ်ခု ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ အိပ်ရေးမဝလျှင် တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို လန်းလန်းဆန်းဆန်းနဲ့ တတ်တတ်ကြွကြွလုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင် ရေရှည်မှာ အိပ်ရေးပျက်တာ များလာပြီးဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေနိုင်ပါတယ်။ ဒီနေ့ခေတ် လူ့အဖွဲ့အစည်းရဲ့ ပုံစံအရ အကြောင်းအမျိုးမျိုးကြောင့် လူတော်တော်များများက အိပ်ရေးမဝဘဲ ညဇီးကွက် ဘဝကို ရောက်မှန်းမသိ ရောက်နေတတ်ပါတယ်။
Photo : leafie
အိပ်ရေးမဝခြင်းရဲ့ အကြောင်းအရင်း တချို့ကတော့
- အိပ်ချိန်ဇယား မမှန်ကန်ခြင်း
- အိပ်ရာမဝင်ခင် အလင်းရောင်ကို လွန်ကဲစွာထိတွေ့ခြင်း (Screen Time များခြင်း)
- ကဖိန်းဓာတ် အလွန်အကျွံသောက်ခြင်း
- စိတ်ဖိစီးမှုများခြင်း
- အလုပ်များလွန်းခြင်း
- စီးပွားရေး၊ လူမှုရေး ပြဿနာများ ရင်ဆိုင်ရခြင်း စတာတွေအပြင် အခြားသော အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။
မိမိကိုယ်တိုင်ရဲ့ အိပ်ရေးမဝခြင်းရဲ့ အကြောင်းအရင်းကို ရှာဖွေ ဆင်ခြင်ပြီး အိပ်စက်ခြင်းစက်ဝန်းကို ပိုမိုကောင်းမွန်စေဖို့နဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးသင့်ပါတယ်။ ဒီနေ့မှာတော့ ညဇီးကွက် ကွီးတို့အတွက် ပြုလုပ်သင့်တဲ့ လွယ်ကူတဲ့ လေ့ကျင့်ခန်းများကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။
(၁) ယောဂ
Photo : Man Flow Yoga
ဒီနေ့ခေတ်မှာ လူတော်တော်များများ ရင်ဆိုင်ရတဲ့ အိပ်မပျော်ခြင်းရဲ့ အကြီးမားဆုံး အကြောင်းအရင်းတစ်ခုကတော့ စိတ်ဖိစီးမှုများခြင်းကြောင့်ပါပဲ။ ဒီပြဿနာကို ယောဂကျင့်စဉ်တွေက ဖြေရှင်းပေးနိုင်ပါတယ်။ ယောဂကျင့်ခြင်းက ကွီးတို့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ပြောလျော့စေသည်သာမက စိတ်ဖိစီးမှုကို လျော့နည်းစေပြီး အိပ်စက်ခြင်းကို အထောက်အကူပြုပါတယ်။ စစ်တမ်းတစ်ခုအရ ယောဂကျင့်သူ ၅၅ ရာခိုင်နှုန်းကျော်က ၎င်းတို့ရဲ့ အိပ်စက်ခြင်းပိုမိုကောင်းမွန်လာကြောင်း တွေရှိခဲ့တယ်လို့ ဆိုထားပါတယ်။ အိပ်စက်ခြင်းကို အထောက်အကူပြုစေမယ့် ယောဂပို့စ် အချို့ကတော့
(၁) Wide-Knee’s Pose
(၂) Legs Up The Wall Pose
(၃) Reclined Twist စတာတွေပဲ ဖြစ်ပါတယ်။ ယောဂလေ့ကျင့်စဉ်များက အိပ်စက်ခြင်းကို ပိုမိုကောင်းမွန်စေသည်သာမက ကျန်းမာကြံ့ခိုင်ခြင်းနဲ့ ကိုယ်နေဟန်ထားမှန်ကန်မှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။
(၂) လမ်းလျှောက်ခြင်း
Photo : Sweat APP
ကွီးတို့ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမယ့် နောက်ထပ်လေ့ကျင့်ခန်း တစ်ခုကတော့ လမ်းလျှောက်ခြင်း ပဲဖြစ်ပါတယ်။ လမ်းလျှောက်ခြင်းက လူတိုင်းလွယ်လွယ်ကူကူ ပြုလုပ်နိုင်ပြီး ထိရောက်တဲ့ လေ့ကျင့်ခန်း တစ်ခု ဖြစ်ပါတယ်။ ဖြေးဖြေးမှန်မှန်ဖြစ်စေ၊ မြန်မြန်သွက်သွက်ဖြစ်စေ၊ မည်သည့် အရှိန်အဟုန်နဲ့မဆို လမ်းလျှောက်ခြင်းက ကွီးတို့ရဲ့ စိတ်ဖိစီးမှုကိုလျော့ကျစေပြီး နေ့စဉ် လုပ်သင့်တဲ့လေ့ကျင့်ခန်းတစ်ခုပါ။ နေ့စဉ် မနက်စောစောဖြစ်စေ၊ ညနေဖြစ်စေ မိနစ် ၃၀ ခန့်လမ်းလျှောက်ကြည့်ပါ။ ကွီးတို့ရဲ့ စိတ်ဖိစီးမှုများကိုလျှော့ချပေးပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေရုံသာမက ခန္ဓာကိုယ်ကိုလည်း ကျန်းမာသန်စွမ်းစေပါတယ်။
(၃) ပြေးခြင်း
Photo : Men’s Journal
လမ်းလျှောက်ခြင်းကဲ့သို့ လူတိုင်း လွယ်လွယ်ကူကူ ပြုလုပ်နိုင်တဲ့ အိပ်စက်ခြင်းကို ကောင်းမွန်စေမယ့် နောက်ထပ်လေ့ကျင့်ခန်း တစ်ခုကတော့ ပြေးခြင်းပဲ ဖြစ်ပါတယ်။ အပြေးလေ့ကျင့်ခန်းကဲ့သို့သော ကိုယ်လက်လှုပ်ရှားမှုများက ခန္ဓာကိုယ်ခွန်အားကို အသုံးပြုရတာကြောင့် ကွီးတို့ကို မြန်မြန်အိပ်ပျော်စေပါတယ်။ အိပ်စက်ခြင်းစက်ဝန်းကိုလည်း မှန်ကန်လာစေပါလိမ့်မယ်။ ဒါ့အပြင် နေ့စဉ် အချိန်တစ်ခုပေးပြီး အပြေးလေ့ကျင့်ခန်းကို ပြုလုပ်ပါက အဝလွန်ခြင်းကဲ့သို့သော ကျန်းမာရေးပြဿနာများကိုလည်း လျှော့ချပြီးသား ဖြစ်ကာ ကျန်းမာစေပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် အိပ်ရေးမဝဘဲ ညဇီးကွက် ဖြစ်နေတဲ့ ကွီးတို့ရေ ကောင်းမွန်စွာ အိပ်စက်ခြင်းက ကျန်းမာရေးအတွက် အရေးကြီးတာကြောင့် ဒီလေ့ကျင့်ခန်းလေးတွေ လုပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်ဗျာ။
Source : C Net
Featured Photo : Enapp