မိတ်ဆွေတို့ရေ နေ့စဉ်အိပ်ချိန် လုံလောက်စွာ ရရှိပါသလား။ သာမာန်လူတစ်ယောက်အတွက် တစ်နေ့လျှင် အိပ်စက်အနားယူချိန် ၇ နာရီကနေ ၈ နာရီခန့်ရှိသင့်ပါတယ်။ ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းက စိတ်ရောကိုယ်ပါ လန်းဆန်းစေကာ အလုံးစုံသော ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုပါတယ်။ သို့သော်လည်း ဒီနေ့ခေတ် အချိန်အခါအရ အလုပ်များလွန်းတာ၊ စိတ်ဖိစီးမှုများတာ၊ ဆိုရှယ်မီဒီယာများကို ညနက်တဲ့အထိ သုံးစွဲတာ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် အိပ်ရေးမဝတာမျိုး ဖြစ်လာနိုင်ပါတယ်။ တစ်ညလောက် အိပ်ရေးမဝတာက မပြောပလောက်ပေမဲ့ အိပ်ပျက်ညတွေ များလာတဲ့အခါ ခန္ဓာကိုယ်က စကားပြောလာပါလိမ့်မယ်။

ဆက်လက်ပြီးတော့ အိပ်ရေးပျက်တာ များတဲ့အခါ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်အတွက် ဘယ်လို ဆိုးကျိုးတွေ ဖြစ်လာစေနိုင်လဲဆိုတာ ကြည့်လိုက်‌ရအောင်။

တွေးခေါ်မှု လျော့နည်းလာမယ်

10 razones por las cuales un empresario fracasa

Photo : Soy Emprendedor

တစ်ညတာ အိပ်ရေးပျက်လျှင်တောင်မှ တွေးခေါ်မှု ပြဿနာတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။ အသိသာဆုံးကတော့ ကျွန်တော်တို့ဟာ အိပ်ရေးမဝလျှင် လေးလံထိုင်းမှိုင်းပြီး ခေါင်းမကြည်ဖြစ်ကာ ကောင်းကောင်းမတွေးခေါ်နိုင်တာမျိုး ဖြစ်တတ်ပါတယ်။ အိပ်ရေးမဝခြင်းက မှတ်ဉာဏ်၊ ဆုံးဖြတ်ချက်ချခြင်းနှင့် ပြဿနာဖြေရှင်းခြင်း အပါအဝင် ဦးနှောက်လုပ်ဆောင်ချက်များကို ထိခိုက်စေပါတယ်။ ဒါ့အပြင် အိပ်ရေးပျက်ခြင်းက ကျွန်တော်တို့ မှတ်ဉာဏ်အပေါ်မှာ သက်ရောက်ပြီး မေ့လျော့မှုကို ဖြစ်စေနိုင်ပါတယ်။

အလွယ်တကူ နေမကောင်း ဖြစ်လာမယ်

အိပ်ပျက်ညတွေ များလာတဲ့အခါ

Photo : Today Parents

သုတေသီများက အိပ်စက်ခြင်းနှင့် ကိုယ်ခံအားစနစ်ကြား အပြန်အလှန်ဆက်စပ်မှုကို ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။ အိပ်ရေးပျက်တာက ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ ဖျားနာမှုကို တိုက်ဖျက်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ကို လွယ်လွယ်ကူကူ ဖျားနာစေနိုင်ပါတယ်။

လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို လျော့ကျစေပါတယ်

အိပ်ပျက်ညတွေ များလာတဲ့အခါ

Photo : Times Now

အိပ်ပျက်ညတွေ များလာတဲ့အခါ မိတ်ဆွေတို့ရဲ့ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကောင်းမွန်သော အိပ်စက်အနားယူခြင်း မရှိတာက လိင်အင်္ဂါလုပ်ဆောင်မှုကို ထိခိုက်စေပြီး လိင်အင်္ဂါချို့ယွင်းမှုနဲ့လည်း ဆက်စပ်နေတယ်လို့ ဆိုထားပါတယ်။ ၅ နာရီ သို့မဟုတ် ထို့ထက်နည်းသော အိပ်စက်ခြင်းက လိင်ဟော်မုန်းအဆင့်ကို ၁၀ မှ ၁၅ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်ပါတယ်။

ကိုယ်အလေးချိန် တိုးလာမယ်

အိပ်ပျက်ညတွေ များလာတဲ့အခါ

Photo : Eat This, Not That

အိပ်ရေးပျက်တာ များလာတဲ့အခါ သိသိသာသာ စကားပြောလာတာကတော့ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်အလေးချိန် တက်လာတာပဲ ဖြစ်ပါတယ်။ လေ့လာမှုတစ်ခုက အသက် ၂၀ နှစ်အထက် အရွယ်ရောက်ပြီးသူ ၂၁,၄၆၉ ဦးကို အိပ်စက်ခြင်းနှင့် ကိုယ်အလေးချိန်ကြား ဆက်စပ်မှုကို ဆန်းစစ်ခဲ့ပါတယ်။ သုံးနှစ်တာ ကာလအတွင်း တစ်ညလျှင် ၅ နာရီထက်နည်းသော အိပ်သူများက ကိုယ်အလေးချိန် တက်လာပြီး နောက်ဆုံးတွင် အဝလွန်နိုင်ခြေ ပိုများကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ အဝလွန်ခြင်းက နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများကို ဖြစ်ပေါ်စေပါတယ်။

နှလုံးကျန်းမာရေး ထိခိုက်လာနိုင်တယ်

အိပ်ပျက်ညတွေ များလာတဲ့အခါ

Photo : Times of India

အိပ်ရေးမဝတာ၊ တစ်ညလျှင် ၅ နာရီထက် အိပ်ချိန်နည်းတာက နှလုံးကျန်းမာရေးအပေါ် ဆိုးဝါးစွာ အပျက်သဘော သက်ရောက်ပါတယ်။ အထူးသဖြင့် ကာလရှည် အိပ်ချိန်နည်းတာက နှလုံးသွေးကြောကျဉ်းရောဂါ ဒါမှမဟုတ် လေဖြတ်နိုင်ခြေ ပိုများပါတယ်လို့ ဆိုထားပါတယ်။

ဆီးချို ဖြစ်လာနိုင်ခြေကို တိုးစေပါတယ်

Photo : Yales News

အိပ်‌ရေးပျက်တာ များလာတဲ့အခါ ကိုယ်အလေးချိန်တိုးလာခြင်းနဲ့ ဆီးချိုဖြစ်နိုင်ခြေ ပိုများလာပါတယ်။ လေ့လာမှုတစ်ခုအရ နေ့စဉ် ၇ နာရီကနေ ၈ နာရီအထိ အိပ်စက်အနားယူတာက ဆီးချိုရောဂါဖြစ်စေနိုင်တဲ့ အင်ဆူလင်ပြဿနာတွေကို ရှောင်ရှားဖို့ အကောင်းဆုံး ဖြစ်တယ်လို့ ဆိုထားပါတယ်။

အသားအရေကို ထိခိုက်စေပါတယ်

Photo : Moquer Hair Styling

အိပ်ရေးပျက်ရင် နောက်တစ်နေ့မှာ မျက်ကွင်းတွေ ညိုမဲနေတတ်တဲ့ မိတ်ဆွေတို့ ရှိပါသလား။ ဒါတင်မကသေးဘဲ လုံလောက်သော အိပ်စက်အနားယူခြင်း မရှိတာက ကျွန်တော်တို့ရဲ့ အသားအရေကို ထိခိုက်စေသည်သာမက အိုမင်းရင့်ရော်မှုကိုလည်း မြန်ဆန်စေပါတယ်။ လေ့လာမှုတစ်ခုရဲ့ ရလဒ်များအရ အိပ်ချိန်နည်းလွန်းသူများတွင် အရေးအကြောင်းများ၊ အသားအရေ အရောင်မညီခြင်းနှင့် အရေပြားလျော့ရဲခြင်းတို့ကို သိသိသာသာတွေ့ရှိရတယ်လို့ ဆိုပါတယ်။

ကင်ဆာဖြစ်ပွားနိုင်ခြေကို တိုးစေပါတယ်

Photo : National Foundation

လုံလောက်စွာ အိပ်စက်မှုမရှိခြင်းက အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာနဲ့ ရင်သားကင်ဆာ တို့ ဖြစ်ပွားနိုင်ခြေ မြင့်မားမှုနဲ့ ဆက်စပ်နေတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ကောင်းမွန်စွာ အိပ်စက်အနားယူခြင်း သို့မဟုတ် တစ်ရက်လျှင် ၇ နာရီခန့် အိပ်ချိန်ရှိသူများက လုံလောက်စွာ အိပ်စက်ချိန်မရှိသော သူများထက် ကင်ဆာရောဂါ ဖြစ်ပွာနိုင်ခြေ လျှော့ချပြီးသား ဖြစ်စေပါတယ်။

မိတ်ဆွေတို့ရေ အိပ်ပျက်ညတွေ များလာတဲ့အခါ ကျွန်တော်တို့ရဲ့ အလုံးစုံသော ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်နိုင်တာကြောင့် နေ့စဉ် လုံလုံလောက်လောက် အိပ်စက်အနားယူဖို့ တိုက်တွန်းလိုက်ပါတယ်။

Source : Healthline

Featured Photo : UT Health