လူတစ်ယောက်အတွက် တစ်နေ့တာလုံးရဲ့ အစပိုင်းဖြစ်တဲ့ မနက်ခင်း စတင်ပုံက အရေးကြီးပါတယ်။ ကွီးတို့ရော မနက်ခင်းတွေကို ဘယ်လို စတင်လေ့ရှိပါသလဲ။ အိပ်ချင်မူးတူးနဲ့ မလန်းမဆန်း စတင်လေ့ရှိပါသလား။ ဒါမှမဟုတ် အိပ်ရာပေါ်မှာပဲ အချိန်ကြာကြာဖြုန်းနေမိပြီး အေးအေးဆေး‌ဆေးမှ ထလေ့ရှိပါသလား။ နှစ်မျိုးစလုံးက‌တော့ သိပ်ပြီးမကောင်းပါဘူးနော်။ တစ်နေ့တာလုံးအတွက် စိတ်ကြည်ကြည်လင်လင်နဲ့ အလုပ်လုပ်နိုင်ပြီး လန်းဆန်းတဲ့ နေ့လေးတစ်နေ့ဖြစ်ဖို့ မနက်ခင်းအချိန်တွေက အရေးပါပါတယ်။ နံနက်ခင်းအချိန်အစပြုမှုက ကွီးတို့ရဲ့ နေ့ခင်းပိုင်းနှင့် ညနေပိုင်းများအထိပါ သက်ရောက်မှု ရှိပါတယ်။ မနက်ခင်းတိုင်းကို အလေ့အကျင့်ကောင်းတွေနဲ့ စတင်တဲ့သူတွေဟာ တစ်နေ့တာ လုပ်ငန်းဆောင်တာများကို သေချာစွာ အာရုံစိုက်နိုင်ပြီး ဘယ်အရာကိုမဆို ပြီးမြောက်အောင်မြင်နိုင်ပါတယ်။ ဒီလို တစ်နေ့လုံး ဖလန်းဖလန်းနဲ့ တတ်ကြွနေစေဖို့ မနက်ခင်းမှာ ပြုလုပ်သင့်တဲ့ အလေ့အကျင့်ကောင်းတစ်ခုကတော့ လေ့ကျင့်ခန်း လုပ်ခြင်းပါပဲ။

တစ်နေ့လုံး ဖလန်းဖလန်းနဲ့

Photo : New Scientist

မနက်ပိုင်းမှာ လေ့ကျင့်ခန်းလုပ်ခြင်းက တစ်နေ့တာလုံးတတ်ကြွစေဖို့အတွက်သာမက ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းစိတ်ရာ အတွက်ပါ အကျိုးများပါတယ်။ လူတစ်ယောက်က နေ့စဉ် အလယ်အလတ် လေ့ကျင့်ခန်း အနည်းဆုံး နာရီဝက်ခန့်ပြုလုပ်သင့်တယ်လို့ ဆိုပါတယ်။ မနက်ခင်းမှာ လေ့ကျင့်ခန်းတွေ ပြုလုပ်ခြင်းအားဖြင့် အောက်ပါ အကျိုးကျေးဇူးတွေကိုလည်း ရရှိစေပါတယ်။

  • ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို တတ်ကြွစေတယ်
  • ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်မှုကို တိုးတက်စေပါတယ်
  • ကိုယ်အလေးချိန်ကျစေတယ်
  • ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ပါတယ်
  • လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ စွမ်းဆောင်ရည်ကို တိုးစေပါတယ်
  • ဇီဝကမ္မဖြစ်ပျက်မှုကိုကောင်းစေပါတယ်
  • ကြွက်သားတွေကို ကျစ်လစ်သန်မာစေပါတယ်
  • အိပ်စက်မှုစက်ဝန်းကို ပိုမိုကောင်းမွန်စေပါတယ်
  • စိတ်ဖိစီးမှုများကို လျော့ကျစေပါတယ် စတဲ့ အကျိုးတွေ ရရှိပါတယ်။

ဆက်လက်ပြီးတော့ မနက်ခန်းမှာ ထိထိရောက်ရောက် ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်း အချို့ကို ကြည့်လိုက်ရအောင်ဗျာ။

လမ်းလျှောက်ခြင်း

တစ်နေ့လုံး ဖလန်းဖလန်းနဲ့

Photo : Lakes Regional Healthcare

ကွီးတို့ တစ်နေ့လုံး ဖလန်းဖလန်းနဲ့ တတ်ကြွနေစေဖို့ အလွယ်ကူဆုံး ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုကတော့ လမ်းလျှာက်ခြင်းပဲ ဖြစ်ပါတယ်။ လမ်းလျှောက်ခြင်းက အသက်အရွယ်မရွေး ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းဆိုလည်း မမှားပါဘူး။ လမ်းလျှာက်တဲ့နေရာမှာ လျင်လျင်မြန်မြန်နဲ့ သွက်သွက်လက်လက် အားစိုက်ပြီး လျှောက်ဖို့လိုပါတယ်။ မြန်မြန်လမ်းလျှောက်လေ၊ ပိုဝေးဝေးလမ်းလျှောက်လေလေ သို့မဟုတ် မကြာခဏ လမ်းလျှောက်လေလေ၊ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများလေလေပါပဲ။ တစ်မနက်ကို လမ်းလျှောက်ဖို့ အနည်းဆုံး နာရီဝက်ခန့် အချိန်ပေးပါ။

ပြေးခြင်း

တစ်နေ့လုံး ဖလန်းဖလန်းနဲ့

Photo : Men’s Fitness

ပိုပြီး တတ်တတ်ကြွကြွနဲ့ မနက်ခင်းကို စတင်ချင်တယ်ဆိုရင်တော့ မနက်စောစော နွေးထွေးတဲ့ နေရောင်အောက်မှာ ပြေးနိုင်ပါတယ်။ ပြေးတာပါပဲ။ အိမ်မှာ ပြေးစက်နဲ့ ပြေးတာမျိုးလည်းအဆင်ပြေပေမဲ့ သဘာဝနဲ့ချိတ်ဆက်နိုင်ပြီး နေရောင်အောက်မှာပြေးခြင်းက ကွီးတို့ကို တစ်နေ့တာလုံး လန်းဆန်းနေစေပြီး အားအင်တွေ ပြည့်ဝနေစေမှာပါ။ မနက်ခင်းမှာ ပြေးခြင်း၊ လမ်းလျှောက်ခြင်း စသည်တို့ ကွီးတို့ရဲ့နှလုံးကို ကျန်းမာစေပြီး သွေးပေါင်ချိန်ကိုလည်း လျှော့ချပေးပါတယ်။ ဒါ့အပြင် အရိုးတွေကို သန်မာစေပြီး ကိုယ်အလေးချိန်ကိုလည်း ထိန်းထားပေးနိုင်ပါတယ်။

ကြိုးခုန်ခြင်း

Photo : Men’s Journal

ကွီးတို့က မနက်ခင်းမှာ လေ့ကျင့်ခန်းတွေ ပြုလုပ်ရင်း ကယ်လိုရီလည်း ကျချင်တယ်ဆိုရင် ကြိုးခုန်လို့လည်း ရပါတယ်။ ကြိုးခုန်ခြင်းက ကွီးတို့ရဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေရုံသာမက အရိုးသိပ်သည်းဆကို ပိုမိုမြင့်မားစေပြီး ကွီးတို့ရဲ့ ခြေထောက်များကို ပိုမိုသန်မာလာစေပါတယ်။ ဒါ့အပြင် ကွီးတို့ရဲ့ နှလုံးကိုလည်း ပိုမိုသန်မာစေပါတယ်။ ကြိုးခုန်ခြင်းက တစ်နာရီလျှင် ကယ်လိုရီ ၆၀၀ ခန့်လောင်ကျွမ်းစေပါတယ်လို့ ဆိုပါတယ်။

Jumping Jacks

Photo : Men’s Health

ကွီးတို့အနေနဲ့ ကြိုးခုန်တာကဲ့သို့ တတ်ကြွတဲ့ လေ့ကျင့်ခန်းတစ်ခုကိုလည်း မနက်ခင်းမှာ ပြုလုပ်ချင်တယ်ဆိုရင် Jumping Jacks က ထည့်သွင်းသင့်တဲ့ လေ့ကျင့်ခန်းပါပဲ။ ဒီလေ့ကျင့်ခန်းက နှလုံးသွေးကြောကျန်းမာရေး အတွက်သာမက ခြေသလုံးကြွက်သားများနဲ့ ပခုံးကြွက်သားများ အတွက်လည်း အရမ်းကောင်းမွန်တဲ့ လေ့ကျင့်ခန်းတစ်ခုပါ။ ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင် ပထမဦးစွာ မတ်မတ်ရပ်ပါ။  ထို့နောက် လက်နှစ်ဖက်ကို ဖြန့်ရင်းခုန်ပါ။ ထိုကဲ့သိုထပ်ခါထပ်ခါ ခုန်ပေးပါ။ ပထမဆုံးဒီလေ့ကျင့်ခန်းကို လုပ်တဲ့သူဆိုရင် ၁ မိနစ်အရင်လုပ်ပြီးမှ ကြာချိန်ကို ဖြေးဖြေးချင်း တိုးသွားနိုင်ပါတယ်။

ယောဂ

Photo : Master Class

ယောဂက ကွီးတို့ရဲ့ စိတ်နဲ့ ခန္ဒာကိုယ်ကို ထိန်းချုပ်နိုင်တဲ့ လေ့ကျင့်ခန်းထက်ပိုတဲ့ အနုပညာလို့ ပြောလို့ရပါတယ်။ နေထွက်ချိန်မှာ ယောဂလေ့ကျင့်တာက မနက်စောစောမှာ ကွီးတို့ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပြီး စိတ်ဖိစီးမှုဟော်မုန်းတွေကို ပြေလျော့စေပါတယ်။ ဒါ့အပြင် ကွီးတို့အား ပိုမို ပျော်ရွှင်စေသော ဟော်မုန်းများကို ထုတ်လွှတ်ပေးပြီး  တစ်နေ့တာလုံး လန်းဆန်းတက်ကြွစေပါသည်။ ဒါ့အပြင် ယောဂက ကွီးတို့ရဲ့ အာရုံစူးစိုက်နိုင်စွမ်းနဲ့ ခံနိုင်ရည်အား မြှင့်တင်ပေးနိုင်ပါတယ်။ မနက်ခင်းမှာ ပြုလုပ်နိုင်တဲ့ ယောဂလေ့ကျင့်ခန်း အချို့ကတော့ Easy Seated Twist ၊ Easy Seated Twist ၊ Cat-Cow ၊ Dancer Pose နဲ့ Twisted Chair Pose တို့ပဲ ဖြစ်ပါတယ်။

များပြားလှတဲ့အလုပ်တွေနဲ့ မစတင်ခင်မှာ တစ်နေ့လုံး ဖလန်းဖလန်းနဲ့ လန်းဆန်းတတ်ကြွပြီး ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ လေ့ကျင့်ခန်းလေးတွေနဲ့ နေ့သစ်ကို စတင်သင့်ပါတယ်။ အခုဖော်ပြပေးလိုက်တဲ့ တစ်နေ့လုံး တတ်ကြွလန်းဆန်းနေစေဖို့ မနက်ခင်းမှာ ပြုလုပ်သင့်တဲ့ လေ့ကျင့်ခန်းများက အိမ်မှာပဲ ပြုလုပ်နိုင်ပြီး Gym ကိုမဖြစ်မနေလည်း သွားစရာမလိုပါဘူး။ အလုပ်ရှုတ်တဲ့ လုပ်ငန်းခွင်က ကွီးတို့အတွက်လည်း အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။

Source : Gainful

Featured Photo : Oliver