ဒီရာသီမှာ ဘရန့်ဖို့ဒ်အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြနေသူ အိုင်ဗန် တိုနေးကို ပရီးမီးယားလိဂ် ထိပ်သီး ကလပ်အသင်းတွေက အပြိုင်အဆိုင် စိတ်ဝင်စားနေကြတဲ့အတွက် တိုနေး အနေနဲ့ သူရဲ့ ကစားသမားဘဝကို မြင့်တင်နိုင်ဖို့ အလားအလာကောင်းတွေ ပိုင်ဆိုင်နေရပေမယ့်လည်း လောင်းကစားတွေ ဆက်တိုက် လုပ်ဆောင်ခဲ့မှုတွေကြောင့် အခုဆို (၈)လအထိ ပွဲပယ်ခံလိုက်ရပြီဖြစ်ပြီး သူ့အနာဂတ်ဟာလည်း မှေးမှိန်သွားခဲ့ရပါတယ်။
Photo Credit : CNN
အင်္ဂလန် လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံထားရတဲ့အထိ ပရီးမီးယားလိဂ်မှာ ခြေစွာနေတဲ့ တိုနေး ဟာ ပရီးမီးယားလိဂ်ကို မရောက်ခင် ချန်ပီယံရှစ်မှာ ကစားခဲ့စဉ်ကတည်းက လောင်းကစားကို ခုံမင်ခဲ့တာဖြစ်ပြီး အင်္ဂလန် ဘောလုံးအဖွဲ့ချုပ်ကနေ ထုတ်ပြန်ထားတဲ့ လောင်းကစား စည်းမျဉ်းတွေကိုပါ ချိုးဖောက်မိတဲ့အထိ လောင်းကစား အမှုပေါင်းများစွာကို လုပ်ဆောင်ခဲ့ပါတယ်။
Photo Credit : Sky Sports
ဒီလို လုပ်ဆောင်ခဲ့တဲ့ တိုနေး ကို FA ဘက်ကနေ အမှုပေါင်း အမြောက်အများနဲ့ စွဲချက်တင်ထားခဲ့ပြီး အခုမှသာ ကြီးလေးတဲ့ ပြစ်ဒဏ်တစ်ရပ် ချမှတ်ခဲ့ပါတယ်။ တိုနေးကို အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် (FA) က ဘောလုံးကစားခြင်း ၊ ဘောလုံးနဲ့ ပတ်သက် ဆက်နွယ်တာတွေ ဥပမာ ဘရန့်ဖို့ဒ်အသင်းနဲ့ လေ့ကျင့်ခန်း ပြုလုပ်ခြင်းကနေ အစ ဘောလုံးပွဲ လာရောက် ကြည့်ရှုခြင်း အဆုံး အကုန်လုံးကို (၈)လအကြာအထိ ပိတ်ပင်လိုက်ကြောင်းနဲ့ ငွေဒဏ် ပေါင် (၅၀၀၀၀) ဒဏ်ရိုက်လိုက်ကြောင်း ထုတ်ပြန်လိုက်ပါတယ်။
Photo Credit : The Telegraph
ဒီပြစ်ဒဏ်ကြောင့် ဒီရာသီမှာ ပရီးမီးယားလိဂ် ဂိုး(၂၀)အထိ သွင်းယူနိုင်ခဲ့တဲ့ တိုနေးဟာ ၂၀၂၄ခုနှစ်မှသာ ဘောလုံး ကစားရတော့မှာဖြစ်ပြီး ဘောလုံး အားကစားနဲ့ အဆက်မပြတ်ဖို့အတွက် နေအိမ်တို့ ပန်းခြံတွေမှာသာ တစ်ကိုယ်တော် လေ့ကျင့်မှုတွေ လုပ်ဆောင်ရပါတော့မယ်။ တိုနေးလိုပဲ ထရစ်ပီယာလည်း ခုလို လောင်းကစားမှုကြောင့် (၃)လခန့် ပွဲပယ်ခံရပေမယ့် အခုဆိုရင် နယူးကာဆယ်ရဲ့ အရေးပါတဲ့ ကစားသမား တစ်ဦးပါ ဖြစ်နေတာကြောင့် တိုနေးလည်း သူရဲ့ပြစ်ဒဏ်ကနေ အကောင်းဆုံး ပြန်လာနိုင်ဖို့ လိုအပ်နေပါတယ်။ ဒါပေမယ့် သူရဲ့ လုပ်ရပ်ကြောင့် ဘရန့်ဖို့ဒ်အသင်းက လာမယ့်နွေမှာ အသင်းအတွက် တိုက်စစ်မှူးတစ်ဦးကို မဖြစ်မနေ ခေါ်ယူသွားရပါတော့မှာ ဖြစ်သလို တိုနေး ကိုယ်တိုင်လည်း ဘောလုံးနဲ့ ဝေးရာမှာ လအတန်ကြာ နေထိုင်ရပါတော့မယ်။
Featured Photo : Goal