အင်္ဂါနေ့က ဂျော်ဒန်ကို ၂ – ၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် တောင်ကိုရီးယားအသင်း အာရှဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ကနေ ထွက်ခွာခဲ့ရတဲ့အတွက် အသင်းခေါင်းဆောင် ဆွန်ဟောင်မင် ဟာ အလွန်ပဲဝမ်းနည်းကြေကွဲခဲ့ရကြောင်း ပရိသတ်တွေကို တောင်းပန်စကား ဆိုလာပါတယ်။
Photo : Flashscore.com
တောင်ကိုရီးယား ပရိသတ်တွေအနေနဲ့ ၁၉၆၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အာရှဖလားပြိုင်ပွဲကို ပြန်လည်အနိုင်ရဖို့ ရည်မှန်းထားပေမယ့်လည်း ကမ္ဘာ့အဆင့် ၆၄ နေရာမှာရှိတဲ့ ဂျော်ဒန်အသင်းကို ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာပါ။
အသက် ၃၁ နှစ်အရွယ် တောင်ကိုရီးယား အသင်းခေါင်းဆောင်ကတော့ ” အရမ်းကို စိတ်ပျက်ဖို့ ကောင်းပါတယ်။ ဒီရလဒ်အတွက် ဝမ်းနည်းရပါတယ်။ ဂျော်ဒန်ကတော့ ဒီပြိုင်ပွဲမှာ အံ့သြစရာကောင်းလောက်အောင်ကို ခရီးရောက်နေပါပြီ။ ဒါက သူတို့နဲ့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့အတွက်တော့ အရမ်းစိတ်ပျက်စရာကောင်းတဲ့ ညပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။
တောင်ကိုရီးယားအသင်းဟာ ယခင် ရှုံးထွက်အဆင့် ၂ ကျော့လုံးမှာ ပြိုင်ပွဲကနေထွက်ခွာရဖို့ အခြေအနေတွေ ရှိခဲ့ပေမယ့်လည်း ဒုတိယပိုင်း နာကျင်အချိန်ပိုမိနစ်အတွင်းမှာ ချေပဂိုး သွင်းယူ နိုင်ခဲ့တာကြောင့် ဆီမီးဖိုင်နယ်ကို ရောက်တက်လာနိုင်ခဲ့တာပါ။ ဒီတစ်ကြိမ်မှာတော့ ဂျော်ဒန်ရဲ့ ဦးဆောင်ဂိုးတွေကို နည်းပြကလင်းစမန်းရဲ့ အသင်းသားတွေ ပြန်လည်ချေပနိုင်ခြင်း မရှိခဲ့ပါဘူး။
ဂျော်ဒန်ကတော့ ဗိုလ်လုပွဲကို ပထမဆုံးအကြိမ်အဖြစ် တက်ရောက်နိုင်ခဲ့ပြီဖြစ်ပြီး စနေနေ့မှာ ကျင်းပမယ့် ဖိုင်နယ်ပွဲစဉ်မှာ အီရန် ဒါမှမဟုတ် ကာတာနဲ့ ရင်ဆိုင်ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။
Photo : New Straits Times
” ဒီအမှားတွေကနေ သင်ခန်းစာယူရမှာပါ။ ကျွန်တော်တို့ ရှေ့ဆက်သွားရပါမယ်။ နောင်တရနေဖို့ အချိန်မရှိပါဘူး။ အခု ကျွန်တော့်ကလပ်အသင်းကိုပြန်သွားပြီး လက်ကျန်ရာသီအတွက် အဆင်သင့်ဖြစ်နေပါပြီ။ တောင်ကိုရီးယား ပရိသတ်တွေ မျှော်လင့်ထားတဲ့အတိုင်း မစွမ်းဆောင်နိုင်ခဲ့လို့ စိတ်မကောင်းပါဘူး” လို့ ဆွန်ဟောင်မင်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဆွန်ဟောင်မင်ဟာ အာရှဖလားပြိုင်ပွဲမှာ တောင်ကိုရီးယားအသင်းအတွက် သွင်းဂိုး ၃ ဂိုး စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ပင်နယ်တီမှ ၂ ဂိုး ၊ သြစတြေးလျနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ကွာတားဖိုင်နယ်မှာ အချိန်ပိုမိနစ်အတွင်း ဖရီးကစ်ကနေ ၁ ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
Featured Photo : New Straits Times