တော့တင်ဟမ်ဟော့ စပါးနည်းပြ အန်တိုနီယို ကွန်တီ ကတော့ ခြေစွမ်းကျဆင်းနေတဲ့ တိုက်စစ်မှူး ဆွန်ဟောင်မင် ကို ယနေ့အင်္ဂါနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် စပို့တင်းနဲ့ပွဲစဉ်မှာ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဆွန်ဟာ ယခုနှစ်ရာသီအတွင်း စပါးအသင်းရဲ့ ပွဲစဉ် ၇ ပွဲစလုံးမှာ ပွဲထွက်ပါဝင်ခွင့်ရခဲ့ပြီး အသင်းအနေနဲ့ ရှုံးပွဲမရှိကစားထားပေမယ့် ဆွန်ကတော့ အသင်းအတွက် ဂိုးသွင်းစွမ်းဆောင်ပေးနိုင်ခြင်း မရှိသေးပါဘူး။

Photo : Daily Mail

ဆွန်ဟာ ပြီးခဲ့တဲ့ရာသီက ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် ပြိုင်ပွဲစုံ၂၈ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ရွှေဖိနပ်ဆု ရရှိခဲ့ပေမယ့် လက်ရှိမှာတော့ သူ့ရဲ့ ခြေစွမ်းက မနှစ်ကနဲ့ အတော်လေး ကွာဟလွန်းနေပါတယ်။

မတ်လတုန်းကတော့ ကွန်တီက သူ့အနေနဲ့ အသင်းအတွက် အရေးပါတဲ့ဆွန်ကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခဲ့ရင် ဒါကရူးနေတာပဲလို့ ပြောခဲ့ဖူးပါတယ်။ ဒါပေမယ့် စပါးအသင်းကို ဒီဂျန်ကူလူဆက်ဗ်စကီး ရောက်ရှိလာမှုနဲ့ အဲဗာတန်ကနေ ရစ်ချာလီဆန်ကို ပေါင်သန်း ၆၀ နဲ့ခေါ်ယူလိုက်ခြင်းဟာ တောင်ကိုရီးယား ကြယ်ပွင့်နဲ့ ဟယ်ရီကိန်းတို့ရဲ့ တိုက်စစ်အတွဲအပေါ် ကွန်တီရဲ့အားထားမှုက တဖြည်းဖြည်း လျော့ကျလာခဲ့ပါတယ်။

ကွန်တီကို အသင်းမှာ ဆွန်ရဲ့နေရာနဲ့ပတ်သတ်ပြီး မေးမြန်းခဲ့ရာမှာတော့ သိပ်ပြီးသေချာမှုမရှိတော့ကြောင်း အင်္ဂါညမှာ စပို့တင်းနဲ့ ယှဉ်ပြိုင်မယ့်ပွဲစဉ်မတိုင်မီ တနင်္လာနေ့က ပြောသွားခဲ့ပါတယ်။

ကွန်တီက “အရေးကြီးတဲ့ အရာတစ်ခုကို တည်ဆောက်ဖို့ ကြိုးစားတဲ့အခါ ၊ ရည်မှန်းချက်တစ်ခုခုကို အထမြောက်အောင် ပြိုင်ဆိုင်မှုတွေနဲ့ အနိုင်ရဖို့ ကြိုးစားတဲ့အခါမျိုးတွေမှာ အလေ့အကျင့်ဟောင်းကို ပြောင်းလဲသင့်ရင် ပြောင်းလဲဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ မဟုတ်ရင် ဟန်ချက်ညီညီ ဆက်ရှိနေလိုတယ်လို့ ဆိုပေမယ့် ရည်မှန်းချက် မရှိဘူးဆိုတဲ့ အဓိပ္ပာယ်ကို သက်ရောက်ပါတယ်”

Photo : Daily Mail

“ဒီရာသီမှာဆိုရင် ကစားသမားတွေအားလုံး အထူးသဖြင့် ကစားသမား ၄ ယောက်ရှိတဲ့ တိုက်စစ်ပိုင်းမှာ အလှည့်ကျပွဲထွက်ခွင့်ကို မဖြစ်မနေ လက်ခံရမှာပါ။ ကျွန်တော့်အတွက်ကတော့ ဒီကစားသမား ၄ ယောက်ထဲက တစ်ယောက်ကို ချန်လှပ်ဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အသင်းအတွက်ရော ၊ ကစားသမားတွေအတွက်ပါ အကောင်းဆုံး ဆုံးဖြတ်ချက်ကို ချရပါမယ်”

“တစ်ခါတစ်လေ ပွဲထွက်ခွင့်မပေးပဲ အနားပေးလိုက်ပြီးမှ မိနစ် ၂၀ ၊ ၃၀ လောက်ပဲ ဝင်ကစားခိုင်းတာက ပိုကောင်းနေတတ်ပါတယ်။ အလေ့ အကျင့်ဟောင်းတွေကို ပြောင်းလဲဖို့ ကျွန်တော်ဒီကို ရောက်နေတာ သေချာပါတယ်။ ပုံမှန်ပွဲထွက်နေကျ ကစားသမားတွေကိုပဲ ပွဲတိုင်းမှာသုံးနေတဲ့ အလေ့အထက နည်းလမ်းဟောင်းကြီးပါပဲ။ ဒီလိုအခြေအနေမျိုးမှာ ခင်ဗျား အနိုင်ရဖို့ အလားအလာကောင်းတွေ သိပ်မရှိနိုင်ပါဘူး”

“ခင်ဗျား ကစားသမားတွေကို ပျော်အောင်ထားဖို့လိုတယ် ဒါပေမယ့် အသင်းကြီးတွေမှာ လူစာရင်းအများကြီး ရှိတယ်။ လေးနက်တဲ့ ကစားသမားတွေလည်း များတယ်။ ဒီအခိုက်အတန့်မှာ ကျွန်တော်တို့မှာ လူအများကြီးမရှိရင်တောင် လမ်းကြောင်းအသစ်ကိုပဲ လျှောက်လှမ်းဖို့ စတင်ကြိုးစားနေပါပြီ”။ “ဒါကြောင့် ဒီကစားသမား ၄ ယောက်ထဲက တစ်ယောက်ယောက်နဲ့ ဖြစ်ပျက်နေတာတွေက ပုံမှန်ဖြစ်ပြီး ကျွန်တော့်လို နည်းပြတစ်ယောက်အတွက် ဒီလိုရွေးချယ်ခွင့်တွေ ရှိကောင်းရှိမယ်ဆိုတာ ခင်ဗျားတို့ သိထားရမယ်” လို့ပြောကြားခဲ့ပါတယ်။

Photo : Daily Mail

ဆက်လက်ပြီး ကွန်တီ က “နည်းပြတိုင်း ဒီလိုပြဿနာမျိုးကို ကြိုက်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော့်မှာ အရေးကြီးတဲ့ ကစားသမား ၃ ယောက်ကို ရွေးဖို့ ဖြစ်နိုင်ခြေရှိတယ်ဆိုတာ သေချာပါတယ်။ ကျွန်တော့်မှာ အရန်ကစားသမား ၁ ယောက် ရှိနေပြီး မာဆေးလ်နဲ့ ကစားခဲ့တဲ့ နောက်ဆုံးပွဲတုန်းကလိုပဲ ကျွန်တော်တို့ကို ကူညီပေးဖို့ ကစားသမား ၁ ယောက် အသင့်ရှိနေတယ်ဆိုတာ သေချာပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Featured Photo : Daily Mail