တော့တင်ဟမ် ဟော့စပါးအသင်း နဲ့ အင်္ဂလန် လက်ရွေးစင်အသင်းတို့ရဲ့ ဂိုးသွင်းစက်ကြီး ဟယ်ရီကိန်း ဟာ ပြီးခဲ့တဲ့ (၂၈)ရက်နေ့မှာပဲ အသက် (၃၀)တိတိ ပြည့်သွားခဲ့ရပါတယ်။ အသက် (၃၀) ပြည့်သွားတဲ့ ကိန်းလို ကစားသမားမျိုးက ဒီအချိန်ထိ ဘာ ဆုဖလား တစ်ခုတစ်လေကိုမှ မဆွတ်ခူးသေးဘူး ဆိုတာကြီးက တကယ်ဆိုရင်တော့ လုံးဝကို မဖြစ်သင့်ပါဘူး။ ဒါဆိုရင် ကိန်းအနေနဲ့ ထိပ်စီး ပြောင်းသွားချိန်မှာ အသင်း အပြောင်းအလဲပါ လုပ်ဆောင်လိုက်လေမလား?
Photo Credit : TEAMtalk
တချို့ ဘောလုံး ပရိသတ်တွေက ကစားသမားတစ်ဦးကို အသက် (၂၉၊၃၀)လောက်နဲ့ ဒီကစားသမားက အိုနေပါပြီလို့ ပြောကြလေ့ရှိတယ်။ ဒါပေမယ့် အခု အသက် (၃၀)ပြည့်သွားတဲ့ ကိန်းက ဘောလုံးရာသီတိုင်းမှာ အနိမ့်ဆုံး ဂိုး (၂၀)လောက်အထိ သွင်းယူနေတဲ့ တိုက်စစ်မှူးပါ။ ကိန်းလို ကစားသမားမျိုးက အသက် (၃၀)ထဲ ရောက်သွားရင်တောင်မှ သူရဲ့ ဂိုးသွင်း စွမ်းရည်တွေက ပြောင်မြောက် ကောင်းမွန်နေဦးမှာ သေချာပါတယ်။ ဒါကိုလည်း ပြီးခဲ့တဲ့ ရာသီက သွင်းဂိုးတွေနဲ့ သက်သေပြပြီးသားပါ။ တကယ်လို့ မနှစ်က ရာသီမှာ ဟာလန်းသာ ရှိမနေခင်ရင် ကိန်းက သေချာပေါက် ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ဆု ရသွားမှာပဲ ဖြစ်ပါတယ်။
Photo Credit : Transfermarket
ဒါပေမယ့် ကိန်းက စပါးအသင်းနဲ့သာ သူရဲ့ ဘောလုံးသမားဘဝကို ဆက်လက် ဖြတ်သန်းဦးမယ် ဆိုရင်တော့ ဆုဖလားတွေနဲ့ကလည်း ဆက်လက် အလှမ်းဝေးနေရပါဦးမယ်။ စပါးက ဒီဘောလုံးရာသီကိုလည်း ပရီးမီးယားလိဂ် အတွေ့အကြုံ မရှိသေးတဲ့ နည်းပြသစ်တစ်ဦးနဲ့ ဖြတ်သန်းသွားမှာမို့ စပါးရဲ့ ဒီရာသီ ဆုဖလား မျှော်လင့်ချက်ဟာလည်း မသေမချာ ဖြစ်နိုင်ပါတယ်။ ဒီအချိန်မှာ ကိန်းကို ဘိုင်ယန်မြူးနစ်အသင်းကလည်း ဒီနွေမှာ အရ ခေါ်ယူသွားဖို့ စီစဉ်နေပြီး စပါး ပိုင်ရှင်ကတော့ ဟယ်ရီကိန်း သာ စာချုပ်သစ် မချုပ်ဆိုဘူးရင် အသင်းကနေ ရောင်းထုတ်လိုက်ဖို့ စပါး ဥက္ကဌကို အသိပေးထားခဲ့ပါသေးတယ်။
Photo Credit : Football365
တကယ်ဆို ဟယ်ရီကိန်း ကလည်း ဘိုင်ယန်လို ဆုဖလား အာမခံချက်ကောင်းတဲ့ (အနည်းဆုံးတော့ ဘွန်ဒက်စ်လီဂါလောက် ရနိုင်တဲ့) အသင်းဆီကို ပြောင်းရွှေ့ချင်နေပြီး ခက်တာကတော့ ခေါင်းမာလွန်းတဲ့ ဥက္ကဌ လီဗီးကြောင့် အပြောင်းအရွှေ့ ဖြစ်ပေါ်ဖို့ ကြန့်ကြာနေရတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်က ကိန်းအတွက် အသင်းပြောင်းချိန်တန်ပါပြီ။ စပါးကိုပဲ ဖက်တွယ်နေလို့ မဖြစ်ပါတော့ဘူး။ အသက် ထိပ်စီး ပြောင်းသွားချင်မှာ ဆုဖလားတွေ ပိုင်ဆိုင်ရတဲ့ ကစားသမားဘဝကိုပါ ရရှိဖို့အတွက် မဖြစ်မနေ အသင်း ပြောင်းကို ပြောင်းရပါတောမှာပဲ ဖြစ်ပါတယ်။
Featured Photo : Tbe Analyst