လာမယ့် နွေရာသီမှာ အသင်းကနေ ထွက်ခွာနိုင်ဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ နယူးကာဆယ် ကွင်းလယ်လူ ဘရူနို ဂီမာရက်စ် ကို ဥရောပ ထိပ်သီးကလပ်တွေဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် ၊ လီဗာပူးနဲ့ ဘာစီလိုနာ အသင်းတွေက ခေါ်ယူဖို့ အပြိုင် စိတ်ဝင်စားလျက် ရှိနေပါတယ်။

Bruno Guimaraes
Photo : Goal.com

အသက် ၂၆ နှစ်အရွယ် ဘရာဇီးသားဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်မှာ လိုင်ယွန်အသင်းကနေ ပေါင် ၄၀ နဲ့ နယူးကာဆယ်ကို ရောက်ရှိလာပြီးကတည်းက စိန့်ဂျိမ်းစ်ပါ့ခ်မှာ ခြေစွမ်းပြနေခဲ့တာဖြစ်ပြီး အောက်တိုဘာလထဲမှာ တစ်ပတ်လုပ်ခ ပေါင် ၁၅၀၀၀၀ ဝန်းကျင်နဲ့ လာမယ့် ၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ်ကို ထပ်မံချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် မကြာသေးမီ ကာလတွေအတွင်း နယူးကာဆယ်အသင်းမှာ ကွင်းလယ်လူ ဂီမာရက်စ် ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ထင်ကြေးပေးခံရမှုတွေ ရှိနေသလို ဥရောပ ထိပ်သီးကလပ် အများအပြားကလည်း ဘရာဇီးသားကို ခေါ်ယူဖို့ စိတ်ဝင်တစား စောင့်ကြည့်နေတယ်လို့ သတင်းတွေအရ သိရပါတယ်။

ယခုအခါမှာတော့ ဂျာနယ်လစ် ရူဒီဂါလက်တီရဲ့ အဆိုအရ ဘရာဇီးသားဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့ကာလမှာ စိန့်ဂျိမ်းစ်ပါ့ခ်ကနေ ထွက်ခွာဖွယ်ရှိတယ်လို့ ဆိုထားပြီး ကွင်းလယ်လူကို ခေါ်ယူဖို့ မန်ချက်စတာ ယူနိုက်တက် ၊ အာဆင်နယ် ၊ လီဗာပူး ၊ ချဲလ်ဆီး ၊ မန်စီးတီး ၊ ပီအက်စ်ဂျီနဲ့ ဘာစီလိုနာ အသင်းတွေက အပြိုင်အဆိုင် မျက်စိကျနေတယ်လို့ ပြောကြားခဲ့ပါတယ်။

Bruno Guimaraes

Photo : Goal.com

ငှက်ကျားတို့ကတော့ ၂၀၂၄ ခုနှစ် ကိုပါအမေရိကဖလားပြိုင်ပွဲ အပြီးမှာ ကွင်းလယ်ကစားသမားရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး အပြီးသတ် ဆုံးဖြတ်ဖွယ် ရှိနေပါတယ်။ ဂီမာရက်စ် အနေနဲ့ အခုလက်ရှိ အရှေ့မြောက်ပိုင်းမှာ မပျော်မရွှင်ဖြစ်နေတဲ့ အရိပ်အယောင်မျိုး မတွေ့ရသလို မိသားစုနဲ့ အတူပြောင်းရွေ့နေထိုင်ဖို့ နော့သမ်ဘာလန်းမှာ ပေါင် ၄ သန်းတန် အိမ်သစ်ကိုဝယ်ယူခဲ့ကြောင်း ပြီးခဲ့တဲ့အပတ်က The Telegraph သတင်းမှာ ဖော်ပြထားခဲ့ပါတယ်။

Featured Photo : Goal.com