(၁၈)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက် ကစားသမားလေး အလက်ဂျန်ဒရို ဂနာချိုကတော့ မကြာသေးခင် ရက်ပိုင်းကပဲ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ခဲ့ပြီးတဲ့နောက် ဒယ်ဒီ ဂနာချို အဖြစ်ပါ ရာထူးတိုးတော့မှာဖြစ်ကြောင်း ပရိသတ်တွေကို အသိပေး ကြေညာသွားခဲ့ပါတယ်။

garnacho and eva

Photo Credit : The Sun

ပြီးခဲ့တဲ့ သောကြာနေ့တုန်းက ဂနာချိုဟာ ယူနိုက်တက်အသင်းနဲ့ (၅)နှစ် သက်တမ်းရှိ စာချုပ်သစ် တစ်ရပ်ကို ချုပ်ဆိုခဲ့ပြီးနောက်မှာ သူရဲ့ မိသားစုဝင်တွေ သူရဲ့ချစ်သူ အီဗာ ဂါဆီယာတို့နဲ့အတူ ညစာ အတူတကွ စားသောက်ခဲ့ပြီး ပျော်ရွှင်မှုတွေကို ဝေမျှခဲ့ပါတယ်။ အခုတော့ ဂနာချိုရဲ့ ပျော်ရွှင်မှုတွေ ဆထက်တပိုး တိုးပွားလာနိုင်စေမယ့် အကြောင်းအရာတစ်ခုပါ ပေါ်ပေါက်လာခဲ့ရပြန်ပါတယ်။ ဂနာချို နဲ့ သူရဲ့ ငယ်ချစ်ဦး ဂါဆီယာတို့ဟာ မကြာခင်မှာ သူတို့ ချစ်သူနှစ်ဦးအတွက် ပထမဆုံး ရင်သွေးလေး ရရှိတော့မှာဖြစ်ကြောင်း ဂနာချိုက သူရဲ့ အင်စတာဂရမ်ကနေ အသိပေးခဲ့ပြီး ပျော်ရွှင်မှုတွေကို မျှဝေသွားခဲ့ပါတယ်။

garnacho and his gf

Photo Credit : Hops

ဂနာချို နဲ့ ဂါဆီယာတို့ ချစ်သူစုံတွဲလေးဟာ ဆိုရင်တော့ဖြင့် ငယ်ငယ်လေးကတည်းက ချစ်ကြိုက်လာခဲ့ကြတဲ့ ငယ်ကျွမ်းဆွေ ချစ်သူတွေဖြစ်ပြီး အင်္ဂလန်နိုင်ငံ ချက်စ်ရှိုင်းယားဒေသရဲ့ တိတ်ဆိတ် အေးချမ်းလှတဲ့ နေရာမှာ အေးအေးဆေးဆေး အတူတကွ နေထိုင်လျက် ရှိပြီး နှစ်ဦးသားလုံး အင်္ဂလန်မှာ နေထိုင်စဉ်ကတည်းက တစ်ဦးကို တစ်ဦး ဖေးဖေးမမလေး ရှိခဲ့တဲ့ ချစ်စရာ စုံတွဲလေး ဖြစ်ပါတယ်။ ဂါဆီယာကတော့ လက်ရှိမှာ ကျောင်းသူတစ်ဦးအဖြစ် ဖြတ်သန်းနေရပြီး သူမ မိသားစုဝင်တွေ နေထိုင်ရာ စပိန်နိုင်ငံနဲ့ ချက်စ်ရှိုင်းယားကို အမြဲတမ်း သွားလာနေရတာ ဖြစ်ပါတယ်။

garnacho

Photo Credit : Twitter

ဂနာချို အနေနဲ့ကလည်း ဒီနှစ် ဘောလုံးရာသီဟာ ကစားသမားဘဝအတွက်ရော ကွင်းပြင်ပမှာပါ တိုးတတ်မှုတွေ ရရှိခဲ့တဲ့ အခိုက်အတန့်လို့ ပြောရမလိုပါပဲ။ နည်းပြ တန်ဟက်ဂ် လက်ထက်မှာ ကစားခွင့်တွေ ရရှိတယ်။ ဂိုးတွေ သွင်းယူနိုင်တယ်။ ဂိုးဖန်တီးမှုတွေလည်း လုပ်ဆောင်နိုင်တယ်။ အာဂျင်တီးနားမှာလည်း ရွေးချယ်ခံရတယ်။ ဒဏ်ရာကြောင့်သာ ကစားခွင့် မရသေးပေမယ့် သူရဲ့ ခြေစွမ်းတွေအရဆို သေချာပေါက် ထပ်ပြီး ရွေးချယ်ခံရဦးမှာပါ။ ကလပ်အသင်းနဲ့လည်း (၅)နှစ် သက်တမ်းတိုးတယ်။ မကြာခင်မှာလည်း ဒယ်ဒီအဖြစ် ရာထူးတိုးတော့မယ်ဆိုတော့ ဂနာချိုအတွက် လုံးဝ အမှတ်တရကောင်းတွေ ဖြစ်နေမှာ အသေချာပါပဲ။

Featured Photo : Fox Sports