မန်ချက်စတာ ယူနိုက်တက် ကြယ်ပွင့် ပေါလ် ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကစားနေစဉ်အတွင်း ကလေးတွေပဲရှိနေတဲ့ သူ့ရဲ့နေအိမ်ကို ဖောက်ထွင်း ခံခဲ့ရကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ပြင်သစ်လက်ရွေးစင် ကစားသမားဟာ အက်သလက်တီကိုနဲ့ ပွဲမပြီးခင် မိနစ်ပိုင်းအလိုမှာပဲ အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သူ့ရဲ့ တွစ်တာလူမှု့ကွန်ယက်ကနေ အတည်ပြုသွားခဲ့ပါတယ်။

နေအိမ် ဖောက်ထွင်း ပေါ့ဂ်ဘာ

Photo : SPORTbible

ပေါ့ဂ်ဘာနဲ့ ၎င်းရဲ့ဇနီးဖြစ်သူတို့ဟာ ပွဲပြီးပြီးချင်းမှာပဲ အိုးလ်ထရက်ဖို့ဒ်ကနေ အိမ်ကိုချက်ချင်း ပြန်ခဲ့ကြပါတယ်။ ပြင်သစ်သားရဲ့ ထုတ်ပြန်ချက်မှာတော့ ” မနေ့ညက ကျွန်တော်တို့မိသားစုအတွက် အဆိုးဆုံး အိပ်မက်ဆိုးကြီးတစ်ခုနဲ့ ကြုံခဲ့ရပါတယ် ၊ ကျွန်တော်တို့ရဲ့ကလေးတွေ အိပ်ခန်းထဲမှာ အိပ်နေတုန်း နေအိမ်ကို ဖောက်ထွင်းခံခဲ့ရတာပါ ”

” သူခိုးတွေက ကျွန်တော်တို့ အိမ်ထဲမှာရှိတာ ၅ မိနစ်တောင် မပြည့်ခဲ့ပေမယ့် အဲ့ဒီအချိန်လေးအတွင်းမှာတင် အိမ်ထဲမှာရှိတဲ့ တန်ဖိုးကြီး ပစ္စည်းအားလုံးကို ယူသွားခဲ့ပါတယ် ၊ ကျွန်တော်တို့ရဲ့ ဘေးကင်းရေးနဲ့ လုံခြုံရေးကတော့ စိုးရိမ်စရာပါပဲ”

“မနေ့ညက ကစားခဲ့တဲ့ ပွဲရဲ့ နောက်ဆုံးမိနစ်အတွင်း ကျွန်တော်တို့အိမ်မှာ ရှိမနေဘူးဆိုတာကို သူတို့သိထားတဲ့အချိန်မှာ အခုလိုဖြစ်သွားခဲ့တာပါ ”

“ကျွန်တော့်ဇနီးနဲ့ ကျွန်တော်လည်း ကလေးတွေ ဘေးကင်းမကင်း အန္တရာယ်တစ်စုံတစ်ရာ ရှိမရှိ သိရဖို့ အိမ်ကို အမြန်ဆုံးပြန်ခဲ့ ကြရပါတယ် ၊ ဖခင်တစ်ယောက်အနေနဲ့ ကိုယ်ရဲ့ သားသမီးတွေကို ကာကွယ်ခွင့်မရတာလောက် ဒီလောကမှာ ပိုဆိုးတဲ့ ခံစားချက်မျိုး မရှိပါဘူး၊ မနေ့ညက ကျွန်တော် ခံစားခဲ့ရသလိုတွေ ဘယ်သူမှ မခံစားရဖို့ ရိုးသားစွာ မျှော်လင့်ပါတယ်”

” ဒါကြောင့်မို့လို့ ကျွန်တော်တို့ကို ကူညီပေးဖို့ သဲလွန်စတွေလာပေးတဲ့သူတိုင်းကို ဆုချီးမြှင့်သွားမှာပါ။ အချက်အလက်တွေကို [email protected] ကို ပေးပို့နိုင်ပါတယ် ” လို့ ရေးသားထားခဲ့ပါတယ်။

နေအိမ် ဖောက်ထွင်း ပေါ့ဂ်ဘာ
Photo : Sportskeeda

ပေါ့ဂ်ဘာဟာ ဒီရာသီမှာ အိမ်ဖောက်ထွင်းခံရတဲ့ ပထမဆုံး ယူနိုက်တက် ကစားသမား မဟုတ်ပါဘူး။ ဇန်နဝါရီလတုန်းကလည်း အက်စတွန်ဗီလာနဲ့ ပွဲကစားနေတုန်း ဂျက်ဆီ လင်ဂတ်ရဲ့ နေအိမ် ဖောက်ထွင်းခံခဲ့ ရဖူးပါတယ်။ နောက်ထပ် ၄ ရက်အကြာမှာ ဗစ်တာလင်ဒီလော့ဖ်ရဲ့ အိမ်ကိုလည်း ၎င်းရဲ့ဇနီးနဲ့ ကလေးတွေ အိမ်ထဲမှာ ရှိနေချိန် ဖောက်ထွင်းသွားခဲ့ ပါသေးတယ်။ အဲ့ဒီအချိန်က လင်ဒီလော့ဖ်ဟာ ဘရန့်ဖို့ဒ်အိမ်ကွင်းမှာ သွားကစားနေခဲ့ရပြီး ယူနိုက်တက်က ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာဖြစ်ခဲ့တာပါ။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်မှာလည်း မန်ချက်စတာ စီးတီးနောက်ခံလူ ကန်ဆယ်လိုရဲ့ နေအိမ်အတွင်း ဖောက်ထွင်းမှုတစ်ခုဖြစ်ခဲ့ပြီး လုယက်သူတွေရဲ့ တိုက်ခိုက်ခြင်းခံခဲ့ ရပါသေးတယ်။ ပေါ်တူဂီလက်ရွေးစင်ဟာ လုယက်သူတွေရဲ့ တိုက်ခိုက်ခဲ့မှုကြောင့် မျက်နှာမှာဒဏ်ရာတွေ ရခဲ့ကြောင်း ဆိုရှယ်မီဒီယာကနေ ဖော်ပြခဲ့ပါတယ်။ တစ်ချိန်တည်းမှာတင် စက်တင်ဘာလက ချဲလ်ဆီးကစားသမား ရီဆီ ဂျိမ်းစ်ရဲ့ နေအိမ်လည်း ဖောက်ထွင်းခံခဲ့ရပြီး ဖောက်ထွင်းမှုဖြစ်စဉ်ကို ရိုက်ကူးထားတဲ့ CCTV မှတ်တမ်းကို မျှဝေခဲ့ပါသေးတယ်။

Featured Photo : Daily Mail