ခရစ္စတီယာနို ရော်နယ်လ်ဒို ဟာ ပြီးခဲ့တဲ့စနေနေ့ တော့တင်ဟမ်ဟော့စပါးအသင်းကို ၃-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဟက်ထရစ်သွင်းယူပြီး ဘယ်လောက်အထိ ခြေစွမ်းကောင်းမွန်နေသေးလဲဆိုတာကို အားလုံးသိအောင် အသိအပေးသွားခဲ့ပါတယ်။

Ronaldo scored header

Photo: WaayTV

အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်လ်ဒို ဟာ နောက်ဆုံး ၁၀ ပွဲမှာ ၁ ဂိုးသာ သွင်းယူထားနိုင်ခဲ့ပြီးနောက် စပါးစ်နဲ့ ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းက အားကိုးရတဲ့ တကယ့် ရော်နယ်လ်ဒို အစစ်အမှန်ကို မြင်တွေ့ရဖို့ မျှော်လင့်ခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီကြယ်ပွင့်ဟာ ထိပ်ဆုံး ၄ နေရာပြိုင်ဘက်နဲ့ တွေ့ဆုံတဲ့ပွဲမှာ အသင်းအတွက် မရှိမဖြစ် အလိုအပ်ဆုံးဖြစ်တဲ့ အနိုင် ၃ မှတ်ရရှိအောင် တစ်ဦးတည်း ၃ ဂိုး ဟက်ထရစ်သွင်းယူပေးခဲ့ပြီး ဒီရာသီကုန်မှာ အနားယူဖို့ ကြေညာထားတဲ့ NFL ဂန္တဝင် တွမ် ဘရက်ဒီကိုတောင် နောက်ထပ်တစ်နှစ် ဆက်ကစားချင်လာအောင် လှုံ့ဆော်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပထမဆုံးသွင်းဂိုးကို ပင်နယ်တီဧရိယာအပြင်ဘက်ကနေ ကန်သွင်းယူသွားခဲ့ပြီး ဒုတိယဂိုးကို အသာအယာ ပိတ်သွင်းယူခဲ့ပြီးနောက် ရော်နယ်လ်ဒိုဟာ တတိယမြောက်သွင်းဂိုးကို ထောင့်ကန်ဘောကနေတဆင့် ခေါင်းတိုက်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီသွင်းဂိုးဟာ ၂၀၀၉ ခုနှစ်နောက်ပိုင်း ရော်နယ်လ်ဒိုရဲ့ ခေါင်းတိုက်သွင်းယူခဲ့တဲ့ ၆၆ ဂိုးမြောက် သွင်းဂိုးဖြစ်ခဲ့ပြီး ဘိုင်ယန်ကြယ်ပွင့်တိုက်စစ်မှူး လီဝန်ဒေါစကီးက ၄၈ ဂိုးသာ ခေါင်းတိုက်သွင်းယူထားနိုင်ခဲ့တာကြောင့် ပေါ်တူဂီကြယ်ပွင့်ဟာ ခေါင်းတိုက်သွင်းဂိုးအများဆုံး သွင်းယူထားတဲ့ ကစားသမားအဖြစ် ဆက်လက် ရပ်တည်နေတာ ဖြစ်ပါတယ်။

Ronaldo scored header against Sampdoria

Photo: Anadolu Agency

ဘလွန်ဒေါ ၅ ဆုရှင် ရော်နယ်လ်ဒိုဟာ ရီးရဲလ်မက်ဒရစ်ကစားသမားအဖြစ် စတင်ကစားချိန်က တောင်ပံကစားသမားအဖြစ် ကစားခဲ့ပြီး နောက်ဆုံးမှာတော့ အထောင်တိုက်စစ်မှူးအဖြစ် ပြောင်းလဲကစားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တောင်ပံကစားသမားအဖြစ် ပိုမို ကစားခဲ့တဲ့အချိန်မှာတောင် ပေါ်တူဂီကြယ်ပွင့်ရဲ့ ခေါင်းတိုက်စွမ်းရည်နဲ့ အမြင့်ခုန်နိုင်စွမ်းက အလွန်အမင်း အထင်ကြီးဖွယ် ကောင်းခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အတွက် ပထမဆုံးကစားပေးခဲ့တဲ့ ကာလတုန်းက ရော်နယ်လ်ဒိုရဲ့ အကောင်းဆုံး ချန်ပီယံလိဂ်သွင်းဂိုး ၂ ဂိုးစလုံးဟာ အထင်ကြီးဖွယ် ခေါင်းတိုက်သွင်းဂိုးတွေ ဖြစ်ခဲ့တာဖြစ်ပြီး ၂၀၀၈ ခုနှစ် ရိုးမားနဲ့ကစားခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်၊ ချဲလ်ဆီးနဲ့ကစားခဲ့တဲ့ ဗိုလ်လုပွဲစဉ်တွေမှာ အံ့အားသင့်ဖွယ် အမြင့်ခုန်စွမ်းရည်နဲ့ သွင်းယူခဲ့တာဖြစ်ပါတယ်။

ရော်နယ်လ်ဒိုက ဂျူဗင်တပ်အသင်းအတွက် ကစားပေးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာတုန်းက ဆမ်ဒိုးရီးယားနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ နောက်ခံကစားသမားတွေထက် ခေါင်း ၃ လုံးစာလောက် ပိုမြင့်တဲ့ အမြင့်ကို ခုန်ပြီး ခေါင်းတိုက်သွင်းယူခဲ့တာက ၎င်းဟာ ဘယ်လောက်အထိ ခေါင်းတိုက်ကောင်းတဲ့ကစားသမားလဲဆိုတာကို သက်သေပြခဲ့တာတွေထဲက တစ်ခုဖြစ်ပါတယ်။

Featured Photo: Sportbible