ယေဘုယျအားဖြင့် လေ့ကျင့်ခန်းများက ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထောက်အကူပြုတဲ့ အသက်ရှည်ဆေးတစ်လက်ဆိုတာ သိပြီးသား ဖြစ်မှာပါ။ ဒါ့အပြင် နှလုံးသွေးကြော ကျန်းမာရေးအတွက်လည်း အကျိုးပြုပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်သူများက အသက်ကြီးလာတဲ့အမျှ ဖြစ်လာနိုင်တဲ့ နှလုံးကျန်းမာရေး ပြဿနာများကို နည်းပါးစေပါတယ်။ လှုပ်ရှားမှု မရှိခြင်းကလည်း နှလုံးရောဂါဖြစ်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ ကွီးတို့ရေ အသက်အရွယ်မရွေး နှလုံးကျန်းမာရေး က အရေးကြီးပါတယ်။ ကွီးတို့ နှလုံးသားလေး ကျန်းမာကြံ့ခိုင် မှ စိတ်သွားတိုင်း ကိုယ်ပါပြီး အရာရာကို စွမ်းဆောင်နိုင်ကာ လိင်ပိုင်းဆိုင်ရာမှာလည်း စိတ်ကျေနပ်မှု အပြည့်အဝ ရရှိမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် နှလုံးကျန်းမာရေးကို အထူး ဂရုပြုဖို့ လိုပါတယ်။ နှလုံးကျန်းမာစေဖို့ လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်ပေးတာက အကောင်းဆုံးနည်းလမ်းပါပဲ။ နှလုံးခုန်နှုန်းကို မြှင့်တင်ပေးနိုင်တဲ့ မည်သည့် လေ့ကျင့်ခန်းမဆို နှလုံးအတွက် အကျိုးရှိစေတယ်လို့ ဆိုပါတယ်။ လေ့ကျင့်ခန်းအားလုံးလိုလိုက နှလုံးကျန်းမာရေးအတွက် အကျိုးကျေးဇူးများ ပေးစွမ်းနိုင်သော်လည်း နှလုံးကို သန်မာစေရန်အတွက် ထိရောက်စေတဲ့ လေ့ကျင့်ခန်းများ ရှိပါတယ်။ ထိုလေ့ကျင့်ခန်းတွေကို ဖော်ပြပေးမှာ ဖြစ်တာကြောင့် ကြည့်လိုက်ရအောင်ဗျာ။
လမ်းလျှောက်ခြင်း
Photo : VIda Salud
နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုပြီး အသက်အရွယ်မရွေး လူတိုင်းပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုကတော့ လမ်းလျှောက်ခြင်းပဲ ဖြစ်ပါတယ်။ လမ်းလျှောက်ခြင်းက ကျွန်တော်တို့ နှလုံးကို အကျိုးပြုကြောင်း အခိုင်အမာ သက်သေပြထားသည့် ပြင်းထန်မှုန်နည်းသော လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ဖြည်းညှင်းစွာ လမ်းလျှောက်ခြင်းထက် ခပ်သွက်သွက် လမ်းလျှောက်ခြင်းက နှလုံးသွေးကြော ကျန်းမာရေးကို ပိုမိုကောင်းမွန် တိုးတက်စေကြောင်း သုတေသနပြုချက်များအရ ဆိုပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ ညီညွတ်သော ကိုယ်အလေးချိန်ကိုလည်း ထိန်းသိမ်းပြီးသား ဖြစ်စေပါတယ်။ နှလုံးကျန်းမာရေး အပါအဝင် အလုံးစုံသော ကျန်းမာရေးအတွက် ကွီးတို့အနေနဲ့ တစ်နေ့ကို အနည်းဆုံး နာရီဝက်ခန့် ခပ်သွက်သွက် လမ်းလျှောက်ပေးသင့်ပါတယ်။
ရေကူးခြင်း
Photo : Vista Create
ကွီးတို့က ရေကူးဝါသနာ ပါပါသလား။ ရေကူးခြင်းကလည်း လူ့ခန္ဓာကိုယ်အတွက် အကျိုးပြုသော လေ့ကျင့်ခန်း တစ်ခုဖြစ်ပါတယ်။ ရေကူးခြင်းက အဆုတ်နဲ့ နှလုံးကို သန်မာစေပြီး သွေးဖိအားကိုတောင် လျော့ကျစေပါတယ်။ ဒါ့အပြင် ရေကူးခြင်းက အဆစ်များကို ပျော့ပြောင်းစေသည့် ပြင်းထန်မှုနည်းသော ခန္ဓာကိုယ်ပြည့် လေ့ကျင့်ခန်းတစ်ခုလည်း ဖြစ်ပါတယ်။ ရေကူးခြင်းက လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ စွမ်းဆောင်ရည်ကိုလည်း တိုးမြှင့်စေပါတယ်။ ကွီးတို့အနေနဲ့ နှလုံးသားလေး ကျန်းမာကြံ့ခိုင် ပြီး အိပ်ရာပေါ်မှာ ရဲရဲ ချစ်နိုင်ဖို့ဆိုရင် ရေကူးခြင်းကိုလည်း ပုံမှန်ပြုလုပ်ပေး သင့်ပါတယ်။
အလေးမ လေ့ကျင့်ခန်းများ
Photo : Pexels
အလေးမလေ့ကျင့်ခန်းများက ပြင်းထန်ပြီး လှုပ်ရှားမှု ဖြေးညှင်းတယ်လို့ ထင်ရပေမဲ့လည်း ကွီးတို့ရဲ့ နှလုံးခုန်နှုန်းကို မြှင့်တင်ရန်နဲ့ နှလုံးကြံ့ခိုင်ရေးအတွက် ကောင်းမွန်သော လေ့ကျင့်ခန်းများ ဖြစ်ပါတယ်။ လေ့လာမှု တစ်ခုအရ အလေးမလေ့ကျင့်ခန်း ကိုပုံမှန်လုပ်သူဟာ လေဖြတ်ခြင်း သို့မဟုတ် ရုတ်တရက် နှလုံးဖောက်ခြင်း (Heart Attack) ဖြစ်နိုင်ခြေကို ၄၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်း အထိလျော့ချ ပေးနိုင်ကြောင်းတွေ့ရှိခဲ့လို့ ဆိုထားပါတယ်။ ဒါ့အပြင် ကြွက်သားများ ကျစ်လစ်သန်စေဖို့အတွက်လည်း ထိရောက်တဲ့ လေ့ကျင့်ခန်းများပဲ ဖြစ်ပါတယ်။ ကွီးတို့ရဲ့ ခန္ဓာကိုယ် အရွယ်အစား ၊ လုပ်နိုင်တဲ့ ပမာဏကို မူတည်ပြီး သင့်လျော်သော အလေးမလေ့ကျင့်ခန်းကို နည်းစနစ် မှန်မှန်ကန်ကန်နဲ့ လုပ်နိုင်စေရန် Trainers များထံမှ အကူအညီရယူပါ။
ယောဂ
Photo : The Tims
ယနေ့ခေတ်မှာ ကျွန်တော်တို့က စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေကို ဘက်ပေါင်းစုံကနေ ရင်ဆိုင်နေရပါတယ်။ ဒီလို စိတ်ဖိစီးမှုတွေကို မလျှော့ချဖူးဆိုရင် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဆိုးဝါးစွာ သက်ရောက်နိုင်ပါတယ်။ နှလုံးရောဂါ ဖြစ်ပွားရတဲ့ အကြောင်းအရင်းများထဲမှာ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေ ကလည်း အဓိက ပါဝင်ပါတယ်။ ဒါကြောင့် ကွီးတို့အနေနဲ့ နှလုံး ကျန်းမာရေးအတွက်သာ မကစိတ်ဖိစီးမှုတွေကိုပါ တစ်ခါတည်း လျော့ချချင်တယ် ဆိုရင်တော့ ယောဂကျင့်ပါ။ ယောဂကျင့်ခြင်းက သွေးပေါင်ချိန်ကို လျှော့ချရန် ၊ ခန္ဓာကိုယ်ရဲ့ ပျော့ပြောင်းမှုကိုနဲ့ ဟန်ချက်ညီမှုကို မြှင့်တင်ပေးပြီး နာကျင်ကိုက်ခဲမှုကို လျော့ကျစေရန်လည်း အကူအညီ ဖြစ်စေပါတယ်။ ကွီးတို့ အိမ်မှာပဲ ယောဂကျင့်တာကို လုပ်လို့ရတဲ့အတွက် သက်တောင့်သက်သာ ရှိစေပါလိမ့်မယ်။ ယောဂလုပ်မယ်ဆိုရင် အချိန်မရွေး လုပ်လို့ရပြီး ယောဂဖျာတစ်ချက်နဲ့ လှုပ်ရှားလို့ရတဲ့နေရာ လွတ်တစ်ခုသာ လိုအပ်ပါတယ်။
ကွီးတို့ နှလုံးသားလေး ကျန်းမာကြံ့ခိုင် ဖို့အတွက် ထိရောက်တဲ့ လေ့ကျင့်ခန်းများကို ဖော်ပြပေးလိုက်တာ ဖြစ်ပါတယ်။ ဘယ်လို လေ့ကျင့်ခန်းမဆို ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် အကျိုးပြုတာကြောင့် တစ်နေ့ကို အနည်းဆုံး နာရီဝက်ခန့် လေ့ကျင့်ခန်းပြုလုပ်ပေးတဲ့ အလေ့အကျင့်ကောင်းကို မွေးမြူပါ။
Source : CNet
Featured Photo : Your Health