ကွီးတို့ ခန္ဓာကိုယ်မှာ အဆီတွေစုလာပြီး ဝဖိုင့်ဖိုင့် ဖြစ်လာပြီလား။ ခန္ဓာကိုယ်မှာ အဆီတွေစုလာပြီး ကိုယ်အလေးချိန်တတ်လာနဲ့ အမျှ ပေါ့ပါးမှုမရှိတော့ဘဲ လေးလံထိုင်းမှိုင်းလာနိုင်ပါတယ်။ နောက်ပိုင်းမှာ သတိပြုဆင်ခြင်မှုမရှိဘဲ နေထိုင်မှုကို ဂရုမစိုက်ရင် ကျန်းမာရေးအပေါ် ဆိုးဝါးစွာ သက်ရောက်နိုင်ပါတယ်။ ဒါ့ကြောင့် ကျန်းမာရေးအတွက်ပဲ ဖြစ်ဖြစ် ကိုယ်အလေးချိန်လျှော့ချဖို့ လိုပါတယ်။ ကိုယ်အလေးချိန် လျှော့ချတဲ့နေရာမှာ အစားအသောက်ပုံစံ ပြောင်းလိုက်တာ၊ အစားလျှော့ချလိုက်တာထက် လေ့ကျင့်ခန်းတွေ လုပ်ခြင်းက ပိုပြီး ထိရောက်ပါတယ်။ ဒါ့အပြင် ဘေးကင်းစွာ ဝိတ်ချဖို့ဆိုရင် လေ့ကျင့်ခန်းတွေ ပြုလုပ်ခြင်းက အကောင်းဆုံးပါပဲ။ ဒီဆောင်းပါးလေးမှာတော့ ကိုယ်အလေးချိန်ကျပြီး ပိန်ဖို့အတွက်ဆို ဘယ်လေ့ကျင့်ခန်းတွေ လုပ်ရမလဲဆိုပြီး ခေါင်းစားနေတဲ့ ကွီးတို့အတွက် ထိရောက်တဲ့လေ့ကျင့်ခန်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
လမ်းလျှောက်ခြင်း
Photo : Mint Lounge
ကိုယ်အလေးချိန် လျှော့ချဖိုအတွက် အခုမှစပြီး လေ့ကျင့်ခန်းလုပ်မယ့် ကွီးတို့အတွက် ပေါ့ပေါ့ပါးပါးပဲ စလုပ်ချင်တယ်ဆိုရင် လမ်းလျှောက်တာက အကောင်းဆုံးရွေးချယ်မှုပါပဲ။ လမ်းလျှောက်ခြင်းက လူတိုင်းပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်း တစ်ခုဖြစ်ပြီး အသက်အရွယ်မရွေးလည်း ပြုလုပ်နိုင်ပါတယ်။ ကွီးတို့အနေနဲ့ နေ့စဉ် နာရီဝက်ခန့် ခပ်သွက်သွက်လမ်းလျှောက်ပါက ကယ်လိုရီ ၁၅၀ ခန့် လောင်ကျွမ်းနိုင်ပါတယ်။ လမ်းလျှောက်တာ ပိုမြန်လေလေ ကယ်လိုရီတွေ ပိုလောင်ကျွမ်းလေပါပဲ။
ကြိုးခုန်ခြင်း
Photo : Men’s Health
ကယ်လိုရီတွေ မြန်မြန်လောင်ကျွမ်းပြီး ပိန်ဖို့အတွက်ဆိုရင် ကြိုးခုန်တာကို ပြုလုပ်နိုင်ပါတယ်။ ကြိုးခုန်ခြင်းက အနည်းငယ် ပြင်းထန်ပြီး ကယ်လိုရီတွေကို ခပ်ကြမ်းကြမ်းလောင်ကျွမ်းစေဖို့ နည်းလမ်းကောင်းတစ်ခုပါ။ ဒါ့အပြင် ခန္ဓာကိုယ်အလယ်အူတိုင်၊ ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ အောက်ပိုင်းအထိ ကြွက်သားအုပ်စုများစွာကို အသုံးပြုရတာကြောင့် ခန္ဓာကိုယ်ကြံ့ခိုင်သန်မာစေပါတယ်။
Jogging
Photo : Bristish GQ
Jogging ဆိုတာက ခပ်ရွရွပြေးခြင်း တစ်မျိုးဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက အေရိုးဗစ်လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး ကိုယ်အလေးချိန်လျှော့ချဖို့ အတွက် ကူညီပေးနိုင်ပါတယ်။ ဒါ့အပြက် ကွီးတို့ရဲ့ ဇီဝကမ္မဖြစ်ပျက်မှုကို အရှိန်မြှင့်တင်ပေး နိုင်ပါတယ်။ ကွီးတို့အနေနဲ့ ရိုးရိုးပြေးတာနဲ့ Jogging ကို ကွီးတို့ အားသန်ရာ သို့မဟုတ် ကိုယ်နဲ့ ကိုက်ညီတာ ပြုလုပ်နိုင်ပါတယ်။
လက်ဝှေ့ထိုးခြင်း
Photo : Technology
ကွီးတို့အနေနဲ့ အားကစားနည်းတစ်မျိုးမျိုးကို ကစားပြီး ကိုယ်အလေးချိန်လျှော့ချချင်တယ်ဆိုရင် လက်ဝှေ့ကို ကစားကြည့်နိုင်ပါတယ်။ လက်ဝှေ့ထိုးခြင်းက ပြင်းထန်သော စွမ်းအင်ကို ထုတ်လွှတ်ရသည်သာမက ဟန်ချက်ကောင်းမွန်စေရန်၊ ခံနိုင်ရည်ကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်အပေါ်ပိုင်းနှင့် အူတိုင်များကို အားကောင်းစေပါတယ်။ ဒါ့အပြင် လက်ဝှေ့ထိုးခြင်းက ပုံမှန်ပြုလုပ်ပေးရင် ကယ်လိုရီတွေကို များများလောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။
လှေကားထစ်တတ်ခြင်း
Photo : Men’s Journal
ကယ်လိုရီတွေ လောင်ကျွမ်းစေပြီး အလယ်အလတ်ပြင်းထန်တဲ့ Cardio လေ့ကျင့်ခန်းတစ်ခုကို ပြုလုပ်ချင်ရင် လှေကားထစ်များ တတ်လို့ရပါတယ်။ လှေကားထစ်များကို ပုံမှန်အတိုင်းတတ်ခြင်းကလည်း ကယ်လိုရီတွေကို လောင်ကျွမ်းစေမဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ကွီးတို့က ဆွဲငင်အားကို ဆန့်ကျင်ပြီး လှေကားထစ်များကို တတ်ရတာကြောင့် ကြွက်သားများကို အားကောင်းစေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လှေကားထစ်တက်ခြင်းက ကိုလက်စထရောကို လျော့ကျစေပြီး Anaerobic ကြံ့ခိုင်မှုကို မြှင်တင်ပေးနိုင်လြိ့ လေ့လာမှုများအရ ဆိုပါတယ်။
ရေကူးခြင်း
Photo : AUT Millenium
ကွီးတို့ ခန္ဓာကိုယ်က အခြား ပြင်းထန်သော လှုပ်ရှားမှုများ မပြုလုပ်နိုင်ပါက ကိုယ်အလေးချိန်ကျစေဖို့ ရေကူးနိုင်ပါတယ်။ ရေကူးခြင်းက ထိခိုက်မှုနည်းသော လေ့ကျင့်ခန်းတစ်ခု ဖြစ်ပြီး Cardio နဲ့ ခွန်အားလေ့ကျင့်မှုပေါင်းစပ်သည့် အကောင်းဆုံးလေ့ကျင့်ခန်းဆိုလည်း မမှားပါဘူး။ ပုံမှန်အားဖြင့် ရေရဲ့ အပူချိန်က ၇၈ ဒီဂရီဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ အပူချိန်က ၉၈.၆ ဒီဂရီ ဖြစ်တဲ့အတွက် မြေပြင်ထက် ပိုပြီး ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။ ရေကူးခြင်းက ခွန်အားနှင့် ခံနိုင်ရည်ကို တည်ဆောက်ရန်အတွက် ကောင်းမွန်သော ခန္ဓာကိုယ်ပြည့် လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။
ကွီးတို့ရေ ပိန်ဖို့အတွက်ဆို ဘာမှခေါင်းစားမနေပါနဲ့။ အခုဖော်ပြပေးလိုက်တဲ့ လေ့ကျင့်ခန်းတွေထဲက ကိုယ်နဲ့ ကိုက်ညီတာတစ်ခုကို ရွေးချယ်ပြီ ပုံမှန်ပြုလုပ်ပေးသွားရင် ကိုယ်အလေးချိန် ကျိန်းသေလျော့ကျစေမှာပါ။ ဒါ့အပြင် လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက ကွီးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ပိုမိုကောင်းမွန်လာစေပါတယ်။
Source : Web MD
Featured Photo : Ask Man