မန်ချက်စတာ ယူနိုက်တက် အသင်း ဟာ နယ်သာလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဂတ်ပို ကို ပေါင် ၃၄ သန်းဝန်းကျင်နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အသက် ၂၃ နှစ်အရွယ် ပီအက်စ်ဗွီ တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီက ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် ပွဲပေါင်း ၃၈ ပွဲ ကစားပေးခဲ့ကာ သွင်း ၂၁ ဂိုး သွင်းယူပေးခဲ့ပြီး ယခုနှစ် နွေရာသီအပြောင်းအရွေ့ကာလမှာ အသင်းကြီးတွေကို ပြောင်းရွှေ့ကစားဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေတာပဲ ဖြစ်ပါတယ်။

Photo : United In Focus

The Telegraph သတင်းဌာနာရဲ့ ဖော်ပြချက်အရတော့ တိုက်စစ်မှူး ဂတ်ပို ဟာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်ပိုင်းအင်အား ဖြည့်တင်းမှုမှာ ပထမဦးစားပေး ပစ်မှတ်ထားနေတဲ့ အေဂျက်စ်တိုက်စစ်မှူး အန်တိုနီကို ကျော်ပြီး ခေါ်ယူဖို့ စိတ်ဝင်စားခြင်းခံနေရတယ်လို့ သိရပါတယ်။

ယူနိုက်တက် အသင်းအနေနဲ့ ကာလကြာရှည်ပစ်မှတ်ထားနေတဲ့ အန်တိုနီအတွက် ပြောင်းရွေ့ကြေး ပေါင် ၆၇.၉ သန်းနဲ့ ကမ်းလှမ်းမှုကို ယခုသီတင်းပတ်အတွင်း အေဂျက်စ်အသင်းဘက်က ပယ်ချခဲ့တာကြောင့် သတ်မှတ်ရက်မတိုင်ခင် အခြား တိုက်စစ်ကစားသမားကို အစားထိုးရွေးချယ်ဖို့ တွန်းအားဖြစ်လာစေခဲ့တာ ဖြစ်ပါတယ်။

အန်တိုနီနဲ့ နှိုင်းယှဉ်ပါက ပီအက်စ်ဗွီ တိုက်စစ်မှူး ဂတ်ပို ကိုခေါ်ယူတာဟာ ငွေကြေးအရ ပိုမိုသက်သာတဲ့ ရွေးချယ်မှုတစ်ခုဖြစ်လာမှာဖြစ်ပြီး နည်းပြတန်ဟတ်အနေနဲ့လည်း အရပ် ၆ ပေ ၂ လက်မရှိတဲ့ နယ်သာလန်းဟာ အသင်းရဲ့ရှေ့တန်းတိုက်စစ်မှာ အားထားရလောက်တဲ့ ကစားသမား ဖြစ်လာလိမ့်မယ်လို့ ယူဆထားပုံရပါတယ်။

ပီအက်စ်ဗွီအသင်းဘက်က သူတို့ရဲ့ တိုက်စစ်မှူးအတွက် ပြောင်းရွေ့ကြေး ပေါင် ၃၈.၂ သန်းခန့် အလိုရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ပြီးခဲ့တဲ့ အပတ်ကလည်း ပီအက်စ်ဗွီနည်းပြ ရုဒ်ဗန် နစ္စတယ်ရွိုင်းနဲ့ ယူနိုက်တက် နည်းပြ တန်ဟတ်တို့ကြားမှာ ကစားသမားရဲ့အပြောင်းအရွေ့အတွက် ဆက်သွယ်ထားပြီးဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။ ပီအက်စ်ဗွီနည်းပြအနေနဲ့လည်း ယခုနှစ်နွေရာသီအပြောင်းအရွေ့မှာ တိုက်စစ်မှူး ဂတ်ပိုဟာ အသင်းကနေ ထွက်ခွာနိုင်ခြေရှိတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုခဲ့ခြင်း မရှိခဲ့ပါဘူး။

Photo : Man Utd News

ပီအက်စ်ဗွီရဲ့ အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ တောင်ပံကစားသမား ဂတ်ပိုဟာ ပြီးခဲ့တဲ့ရာသီက အသင်းအတွက် ပွဲပေါင်း ၂၂ ပွဲ ပါဝင်ကစားထားပြီး သွင်းဂိုး ၁၂ ဂိုးသွင်းယူပေးခဲ့ကာ ဂိုးဖန်တီးမှု ၁၂ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ယူနိုက်တက် အနေနဲ့ ပီအက်စ်ဗွီအသင်း တောင်းဆိုထားတဲ့ ပြောင်းရွေ့ကြေး ပေါင် ၃၈ သန်းကို အပြည့် ပေးချေပြီး နယ်သာလန်လက်ရွေးစင် တိုက်စစ်ကစားသမားကို ခေါ်ယူသွားမလားဆိုတာတော့ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Featured Photo : The Mirror