မန်ချက်စတာ ယူနိုက်တက်အသင်း ဝါရင့်တိုက်စစ်မှူးကြီး ရော်နယ်ဒို ကတော့ မနေ့ညက ဘရန့်ဖို့ဒ်အသင်းကို ၄ – ၀ ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် အဝေးကွင်းအထိ လာရောက်အားပေးခဲ့တဲ့ ယူနိုက်တက် ပရိသတ်တွေကို လက်ခုပ်တီးနှုတ်ဆက်ဖို့ ငြင်းဆိုသွားခဲ့ပါတယ်။

Photo : Daily Mail

ဘရန့်ဖို့ဒ်အိမ်ကွင်းမှာ အရှက်တတွဲရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတဲ့နောက် ဒေါသထွက်နေတဲ့ ရော်နယ်ဒို ဟာ ပွဲအပြီးမှာ နည်းပြတန်ဟက်ကိုပင် လက်ဆွဲနှုတ်ဆက်ခြင်းမပြုခဲ့သလို ကွင်းအတွင်းက မထွက်ခွာမီ ယူနိုက်တက်လက်ထောက် နည်းပြ မက္ကလာရင်နဲ့လည်း အဆင်မပြေဖြစ်ခဲ့ပုံရပါတယ်။

ရော်နယ်ဒိုဟာ နည်းပြတန်ဟတ်လက်အောက် ပထမဆုံးပရီးမီးယားလိဂ်ပွဲထွက်လူစာရင်းမှာ ပါဝင်ခဲ့တဲ့ ရှုံးပွဲ ပွဲစဉ်အပြီးမှာ ပရိသတ်တွေကိုရော နည်းပြကိုပါ နှုတ်မဆက်ပဲ စိတ်ပျက်လက်ပျက်နဲ့ ဘရန့်ဖို့ဒ်ကွင်းရဲ့ ဥမင်းထဲကို ဝင်သွားခဲ့တာ ဖြစ်ပါတယ်။


Photo : Daily Mail

ယူနိုက်တက်အသင်းဟာ အိမ်ရှင် ဘရန့်ဖို့ဒ်အသင်းကို ပထမပိုင်း ၃၅ မိနစ်အတွင်းမှာတင် ၄ ဂိုးအထိ သွင်းဂိုးတွေ ရက်ရက်ရောရော ခွင့်ပြုပေးခဲ့ရတာ ဖြစ်ပါတယ်။ ပွဲစပြီး ၁၀ မိနစ်မှာပဲ ယူနိုက်တက်အသင်းရဲ့ ဝါရင့်ဂိုးသမား ဒေးဗစ် ဒီဂီယာရဲ့ အမှားကနေ ဒါဆေးလ်ဗားက ဘရန့်ဖို့ဒ်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ပွဲချိန် ၁၈ မိနစ်မှာ ယဲဆင်က ၁ ဂိုး ၊ ပွဲချိန် ၃၀ မိနစ်မှာ ဘန်မီးက ၁ ဂိုးနဲ့ ထပ်မံပြီး ၅ မိနစ်အကြာ ပွဲချိန် ၃၅ မိနစ်မှာပဲ အမ်ဘွေမို က ၁ ဂိုး အသီးသီး ဂိုးတွေသွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ၂ ပွဲကစားအပြီးမှာ ၂ ပွဲရှုံး ၊ ပေးဂိုး ၆ ဂိုးရလဒ်နဲ့ အမှတ်ပေးဇယားရဲ့ အောက်ဆုံးနေရာကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

Photo : Daily Mail

အသက် ၃၇ နှစ်အရွယ် ပေါ်တူဂီစတားကတော့ ယခုနှစ်နွေရာသီ အပြောင်းအရွှေ့ကာလမှာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာလိုကြောင်း အသိပေးခဲ့ပေမယ့် ဥရောပထိပ်သီးကလပ်တွေရဲ့ ကမ်းလှမ်းထားခြင်းမရှိသေးတာကြောင့် အလားအလာရှိတဲ့ အပြောင်းအရွှေ့နဲ့ ဝေးကွာနေပြီး ယူနိုက်တက်မှာပဲ ဆက်ရှိနေတာ ဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ ပြီးခဲ့တဲ့ရာသီက မန်ချက်စတာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၃၈ ပွဲ ပါဝင်ကစားခဲ့ပြီး သွင်းဂိုး၂၄ ဂိုး သွင်းယူပေးခဲ့ပါတယ်။

Featured Photo : Daily Mail