အကြောင်းအမျိုးမျိုးကြောင့် ခန္ဓာကိုယ်အလေးချိန် တတ်လာပြီး ဝဖိုင့်ဖိုင့်ဖြစ်လာပြီလား။ ခန္ဓာကိုယ်မှာ အဆီပိုတွေစုလာခြင်းက ပေါ့ပါးမှုမရှိရုံသာမက ရေရှည်မှာ ကျန်းမာရေးအတွက် လုံးဝမကောင်းပါဘူး။ ခန္ဓာကိုယ် ကြည့်ကောင်းဖို့ပဲဖြစ်ဖြစ်၊ ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ် ကိုယ်အလေးချိန်လျော့ချဖို့ဆိုရင် လေ့ကျင့်ခန်းတွေကို ပုံမှန်ပြုလုပ်ပေးရမှာပါ။ လေ့ကျင့်ခန်းတွေ ပြုလုပ်ခြင်းက ကိုယ်အလေးချိန်ကျအောင် ကူညီပေးတဲ့အပြင် စိတ်ခံစားချက်ကို မြှင့်တင်ပေးခြင်း၊ အရိုးများ သန်မာလာစေခြင်းနှင့် နာတာရှည်ရောဂါများ ဖြစ်နိုင်ခြေကို လျော့ကျစေခြင်း စတဲ့ အကျိုးတွေကိုလည်း ရရှိစေပါတယ်။ ဒီနေ့မှာတော့ ပုံမှန်လုပ် ရင် ဝိတ်ကျမယ်လို့ အာမခံနိုင်တဲ့ အထိရောက်ဆုံးလေ့ကျင့်ခန်းတွေကို ဖော်ပြပေးချင်ပါတယ်။
လမ်းလျှောက်ခြင်း
Photo : Entity Mag
ကွီးတို့အနေနဲ့ ပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို မလုပ်ချင်ဖူးဆိုရင်တောင် ကိုယ်အလေးချိန်လျှော့ချဖို့ လမ်းလျှောက်တာကို ပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။ လမ်းလျှောက်ခြင်းက လူကြီးလူငယ်မရွေး၊ အသက်အရွယ်မရွေး လွယ်လွယ်ကူကူ ပြုလုပ်လို့ရတဲ့ လေ့ကျင့်ခန်းပဲ ဖြစ်ပါတယ်။ အလယ်အလတ်အရှိန်နဲ့ လမ်းလျှောက်ရင် မိနစ် ၃၀ မှာ ၁၇၅ ကယ်လိုရီ ခန့် လောင်ကျွမ်းစေပါတယ်။ အခုမှစတင်ပြီး လမ်းလျှောက်သူများအနေနဲ့ တစ်ပတ်လျှင် မိနစ် ၃၀ ခန့် ၄ ရက် လမ်းလျှောက်ပါ။ တဖြည်းဖြည်းနဲ့ လမ်းလျှောက်တဲ့ အရှိန်ကို တိုးလိုက်တာနဲ့အမျှ ကယ်လိုရီတွေကိုလည်း မြန်မြန်လောင်ကျွမ်းစေပါလိမ့်မယ်။
ပြေးခြင်း
Photo : Runkeeper app
ကိုယ်အလေးချိန် မြန်မြန်ကျစေပြီး ကယ်လိုရီလောင်ကျွမ်းမှု ပိုမိုမြန်ဆန်စေချင်တယ်ဆိုရင်တော့ ပြေးခြင်းက အကောင်းဆုံးသော လေ့ကျင့်ခန်းတစ်ခုပါပဲ။ နာရီဝက်ခန့်ပြေးလျှင် ကယ်လိုရီ ၂၈၈ ခန့်လောင်ကျွမ်းစေပါတယ်။ အပြေးလေ့ကျင့်ခန်းက ကွီးတို့ရဲ့ ဝမ်းဗိုက်မှစုနေတဲ့ အဆီတွေကို လောင်ကျွမ်းစေဖို့ အထိရောက်ဆုံး လေ့ကျင့်ခန်းတွေထဲက တစ်ခုဖြစ်ပါတယ်။ အပြေးလေ့ကျင့်ခန်းကို တစ်ပတ်လျှင် ၃ ကြိမ်မှ ၄ ကြိမ်ခန့် မိနစ် ၂၀ မှ ၃၀ ကြား ပြေးပါ။
စက်ဘီးစီးခြင်း
Photo : Bicycling
စက်ဘီးစီးခြင်းက ကွီးတို့ရဲ့ ကြံ့ခိုင်မှုကို မြှင်တင်ပေးနိုင်ပြီး ကိုယ်အလေးချိန်လျှော့ချဖို့ လူကြိုက်များသော လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ပုံမှန် စက်ဘီးစီးသူတွေဟာ ကြံ့ခိုင်မှု ပိုကောင်းလာတဲ့အပြင် အင်ဆူလင် အာရုံခံနိုင်စွမ်း တိုးလာပြီး နှလုံးရောဂါ၊ ကင်ဆာနဲ့ သေဆုံးနိုင်ခြေ နည်းပါးကြောင်း လေ့လာမှုတွေက တွေ့ရှိခဲ့ပါတယ်။ လေ့လာမှုများအရ ၁၅၅ ပေါင်ရှိသူတစ်ဦးက အလယ်အလတ် အရှိန်ဖြင့် စက်ဘီးစီးလျှင် မိနစ် ၃၀ မှာ ၂၅၂ ကယ်လိုရီ လောင်ကျွမ်းစေပါတယ်။
ကြိုးခုန်ခြင်း
Photo : The Time of India
ကြိုးခုန်ခြင်းက အဆီတွေကို လျင်မြန်ထိရောက်စွာ လောင်ကျွမ်းစေကာ ဝိတ်ကျစေဖို့ ထိရောက်တဲ့ ကိုယ်လက်လှုပ်ရှားမှု တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ကြိုးခုန်ခြင်းက အရိုးသိပ်သည်းဆကို အထောက်အကူပြုပြီး ခြေထောက်များကို ပိုမိုသန်မာစေပါတယ်။ နှလုံးကျန်းမာရေးကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။ တစ်နာရီ ကြိုးခုန်လျှင် ကယ်လိုရီ ၆၀၀ ခန့်လောင်ကျွမ်းစေနိုင်ပါတယ်။ အခုမှစပြီး ကြိုးခုန်မယ်သူတွေက အကြိမ် အနည်းငယ်နဲ့ စတင်နိုင်ပြီး နောက်ပိုင်းမှ ဖြည်းဖြည်းချင်း တိုးသွားပါ။
ကွီးတို့ရေ အခုဖော်ပြပေးလိုက်တဲ့ လေ့ကျင့်ခန်းတွေထဲက ကွီးတို့နဲ့ သင့်တော်တာတစ်ခုခုကို ပုံမှန်လုပ် ရင် ဝိတ်ကျမယ်လို့ ရဲရဲကြီး အာမခံတယ်ဗျာ။ ဒါ့အပြင် ကိုယ်ရော စိတ်ပါ တတ်ကြွလန်းဆန်းပြီး ပိုမိုကျန်းမာလာတာလည်း တွေ့ရပါလိမ့်မယ်။ အရေးကြီးတာကတော့ ပုံမှန်ပြုလုပ်ပေးဖို့ပါပဲ။
Source : Health Line
Featured Photo : Pure Gym