အောင်မြင်မှုကို ပိုင်ဆိုင်ချင်သူတစ်ယောက်အနေနဲ့ ပျင်းရိ ပြီး အချိန်ဆွဲ တတ်နေလို့ မရပါဘူး။ ကြိုးကြိုးစားစားနဲ့ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်ဖို့ လိုအပ်ပါတယ်။ ပျင်းရိ နေမယ် အချိန်ဆွဲ နေမယ်ဆိုရင်တော့ တဖြည်းဖြည်းနဲ့ အောင်မြင်မှုသည် ဝေးကွာသွားတတ်ပါတယ်။

တကယ်တော့ ပျင်းရိ ခြင်းနှင့် အချိန်ဆွဲ တတ်ခြင်း အလေ့အကျင့်သည် လူတိုင်းမှာ ရှိပါတယ်။ ပမာဏ အနည်း အများပဲ ကွာသွားတာပါ။ သုတေသနပညာရှင်များရဲ့ ပြောကြားချက်အရ ၁၀၀ ရာခိုင်နှုန်းတွင် ၉၅ ရာခိုင်နှုန်းသည် အချိန်ဆွဲတတ်သူတွေဖြစ်ကြတယ်လို့ သိရှိရပါတယ်။

လက်ရှိမှာ အောင်မြင်မှုကို ပိုင်ဆိုင်ထားတဲ့ နာမည်ကြီးသူတွေသည်လည်း အချိန်ဆွဲတတ်တဲ့အကျင့်ဆိုးတွေ ရှိပါတယ်။ သို့သော် သူတို့သည် မိမိရဲ့အကျင့်ဆိုးကို သတိမူမိပြီး မိမိကိုယ်ကိုယ် ပြောင်းလဲပစ်လိုက်တဲ့အခါမှာတော့ သူတို့သည် နယ်ပယ်တစ်ခုမှာ အောင်မြင်တဲ့လူသားတစ်ယောက်ဖြစ်လာကြတာပဲဖြစ်ပါတယ်။

သူတို့သည် သူတို့ရဲ့အကျင့်ဆိုးကို သိမြင်အောင် ဘယ်လိုကြိုးစားကြသလဲ။ ဘယ်လိုမျိုး မိမိကိုယ်ကိုယ် ပြုပြင်ပြောင်းလဲပစ်ကြသလဲ။

မိမိသည် ပျင်းရိ သူတစ်ယောက်နှင့် အချိန်ဆွဲ တတ်သူတစ်ယောက်ဖြစ်ကြောင်း အသိအမှတ်ပြုလိုက်တယ်

ပျင်းရိ အချိန်ဆွဲ

သင်သည် သင့်ရဲ့အလုပ်တာဝန်များကို ဝန်ထုပ်ဝန်ပိုးအနည်းငယ် လျော့ချင်တဲ့အတွက်ကြောင့် အချို့သော အလုပ်များကို နောက်မှလုပ်မယ်ဆိုပြီးတော့ တွေးကောင်းတွေးနေနိုင်ပါတယ်။ တကယ်လို့ သင်သည် အရေးကြီးတဲ့အလုပ်တစ်ခုကို ခိုင်လုံတဲ့အကြောင်းပြချက်ကောင်းကောင်းတစ်ခုကြောင့် နောက်ကျမှ လုပ်ဖြစ်တယ်ဆိုရင်တော့ ဒါသည် အချိန်ဆွဲတယ်လို့ မခေါ်ပါဘူး။ ဥပမာ နေမကောင်းတာကြောင့် လုပ်ရမယ့် အလုပ်တွေ နောက်ကျသွားတာမျိုး၊ သေရေး ရှင်ရေး တစ်ခုခုကြောင့် အလုပ်တွေ နောက်ဆုတ်လိုက်ရတာမျိုးပေါ့။

ဒါပေမဲ့ သင့်ရဲ့ အကြောင်းပြချက်သည် စောစောကလို ခိုင်လုံတဲ့ အကြောင်းပြချက်ကြောင့်မဟုတ်ဘဲ မိုးအေးပြီး ချမ်းလွန်းလို့၊ အိပ်ချင်လို့၊ ပူအိုက်လွန်းလို့၊ တစ်ရက်တစ်လေလောက် အနားယူချင်လို့ စတဲ့ ကျိုးကြောင်း မဆီလျော်တဲ့ အကြောင်းပြချက်များဆိုရင်တော့ သေချာပါတယ်။ သင်သည် ပျင်းရိသူတစ်ယောက်ဖြစ်ပြီး အချိန်ဆွဲတတ်သူတစ်ယောက်ဖြစ်ပါတယ်။

ထိုကဲ့သို့ မရေရာတဲ့ အကြောင်းပြချက်များအပြင် အခုဖော်ပြတဲ့ အခြေအနေမျိုးပေါ့ အမြဲတစေ ဆိုသလို ပြုလုပ်နေမိပြီလား

ပျင်းရိ အချိန်ဆွဲ

  • အလုပ်ကိစ္စများသည် အရေးကြီးပေမယ့်လည်း ချက်ချင်း ကောက်မလုပ်ခြင်း
  • တစ်နေ့တာကို အရေးမကြီးသော လုပ်ငန်းများဖြင့်သာ အချိန်ကုန်ဆုံးနေခြင်း
  • အီးမေးလ်များကို အကြိမ်ထောင်ပေါင်းများစွာ ဖတ်နေပေမယ့် ဘာလုပ်လို့ လုပ်ရမယ်ဆိုတာကို တိကျရေရာတဲ့ ဆုံးဖြတ်ချက်တစ်ခု မချမှတ်နိုင်ခြင်း
  • အရေးကြီးတဲ့ အလုပ်ကို (၅) မိနစ်လောက်ပဲ လုပ်ပြီးနောက် ကော်ဖီ ထသောက်ခြင်းနှင့်
  • အလုပ်လုပ်ဖို့ Mood မလာသေးလို့ Mood ဝင်မယ့် အချိန်အခါကောင်းကို ထိုင်စောင့်နေခြင်း အစရှိတဲ့ လက္ခဏာများ ကြုံတွေ့နေရပြီဆိုရင်တော့ သေချာပါတယ်။ သင်သည် အချိန်ဆွဲတတ်သူတစ်ယောက် ပျင်းရိသူတစ်ယောက်ဖြစ်ပါတယ်။

ထိုကဲ့သို့သော အခြေအနေမျိုး ကြုံတွေ့ရပါက ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ဖို့လိုအပ်ပါတယ်။ ငါသည် လူတော်တစ်ယောက်ပါ။ အချိန်ဆွဲနေတာ မဟုတ်ဘူး။ အချိန်အခါကောင်းကိုသာ စောင့်နေတာပါဆိုပြီး အမှန်တရားကို ငြင်းနေမယ်ဆိုရင်တော့ အောင်မြင်မှုသည် သင့်အတွက် မဟုတ်တော့ပါဘူး။ မိမိအခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်ပြီး ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်ဆုံးမဖို့ လိုအပ်ပါတယ်။

ဘာ့ကြောင့် အချိန်ဆွဲနေရသလဲဆိုတာကို ကိုယ့်ကိုယ်ကိုယ် ပြန်မေးခွန်းထုတ်ပါ

man thinking

ကိုယ် လုပ်ရမယ့်အလုပ်က ပျင်းရိဖွယ် ကောင်းနေလို့လား။ သင့်အတွက် စိတ်ဝင်စားဖွယ် မကောင်းလို့ သင် အချိန်ဆွဲနေတာလား။ ဒါမှမဟုတ် သင်သည် ထိုအလုပ်ကို မလုပ်တတ်လို့။ ကိုယ် လုပ်လိုက်တာ တစ်စုံတစ်ရာ မှားယွင်းသွားမှာကြောက်လို့ အချိန်ဆွဲနေမိတာလား စတဲ့ မေးခွန်းများဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်မေးခွန်းထုတ်လိုက်ပါ။

ကိုယ် မကျွမ်းကျင်တဲ့အလုပ်ဆိုရင်လည်း ကိုယ့်ရဲ့ စီနီယာများထံမှ အကူအညီ ရယူနိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ့်အလုပ်က ပျင်းရိဖွယ်ကောင်းတယ်ဆိုရင် စိတ်ဝင်စားဖွယ်ကောင်းအောင် တီထွင်ဖန်တီးပြီး အလုပ်လုပ်လိုက်ပါ။

အခြေအနေ အကြောင်းအရင်းတစ်ခုစီအတွက် သက်ဆိုင်ရာ ဖြေရှင်းချက်များဖြင့် ဖြေရှင်းနိုင်ပါတယ်။

ပျင်းရိ ခြင်းနှင့် အချိန်ဆွဲ တတ်တဲ့အကျင့်ကို ဖျောက်ဖျက်နိုင်မယ့် နည်းလမ်းကောင်းများ အသုံးပြုပါ

man writing

အချိန်ဆွဲတတ်ခြင်း အလေ့အကျင့်သည် အစပိုင်းမှာတော့ သိသာမှာမဟုတ်ပါဘူး။ တဖြည်းဖြည်းနဲ့ အကျင့်ပါလာတဲ့အခါ ထိုအကျင့်ဆိုးသည် သင့်ဆီမှာ စွဲကပ်မှန်းမသိ စွဲကပ်သွားပြီပဲဖြစ်ပါတယ်။ အကျင့်ဆိုးတွေဆိုသည်မှာလည်း မတော်တဆ ပြုလုပ်မိဖို့သာ လွယ်ကူတာ ဖျောက် ဖျက်ဖို့ကျတော့ အင်မတန် ခက်ခဲပါတယ်။ ကွီးတို့အနေနဲ့ ကိုယ့်ရဲ့ အကျင့်ဆိုးကို ကိုယ်ကိုယ်တိုင် သိမြင်ပြီး ဖျောက်ဖျက်ဖို့ ကြိုးစားချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် နည်းလမ်းများဖြင့် အသုံးပြုနိုင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် Timer ပြန်ပေးပါ

ပျင်းရိ အချိန်ဆွဲ

ဒီအလုပ်ကို ဘယ်နှမိနစ်၊ ဘယ်နှနာရီအတွင်း အပြီးသတ်ရမယ်ဆိုတာကို ဖုန်းမှာ Timer ပေးပြီး ထိုသတ်မှတ်ချိန်အတိုင်း အပြီးသတ်ပါ။ ဒီလို ပြုလုပ်ခြင်းအားဖြင့် Alarm သံ မမြည်ခင် အမြန်ပြီးအောင် လုပ်ရမယ်ဆိုတာကို သင့်ရဲ့ မသိစိတ်က တွန်းအားပေးနေမှာဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့ အလုပ်တွေကို ပြီးမြောက်သွားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ဆုချပါ

ပျင်းရိ အချိန်ဆွဲ

အရေးကြီးပြီး ခက်ခဲတဲ့အလုပ်တွေကို သတ်မှတ်ချိန်အတိုင်း ပြီးမြောက်သွားတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြန်လည် ဆုချလိုက်ပါ။ ဆုအကြီးကြီး ချစရာလည်း မလိုပါဘူး။ ဥပမာ သင် စားချင်တဲ့ မုန့်၊ သောက်ချင်တဲ့ အအေး၊ ကော်ဖီ စတာတွေကို သင့် အကြိုက်ဆုံး စားသောက်ဆိုင်ကနေ မှာယူစားသုံးတာမျိုး ပြုလုပ်လိုက်ပါ။ ဒီလို ကိုယ့်ကိုယ်ကိုယ် ဆုချခြင်းအားဖြင့် စိတ်အားထက်သန်လာမှာဖြစ်ပြီး အချိန်ဆွဲတတ်တဲ့ အလေ့အကျင့်သည်လည်း တဖြည်းဖြည်း ပျောက်ပျက်သွားမှာပဲဖြစ်ပါတယ်။

ဒီနည်းလမ်းလေးတွေသည် ကွီးတို့အားလုံးအတွက် အသုံးတည့်မယ်လို့လည်း မျှော်လင့်ပါတယ်။ ကွီးတို့အားလုံး အချိန်ဆွဲတတ်တဲ့ အကျင့်ဆိုးတွေ ပျောက်ပျက်သွားပြီး အောင်မြင်တဲ့ ဘဝကို ပိုင်ဆိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်။

Source: Mindtools

Featured Image: Entrepreneur