ပျားရည် နဲ့ ဖျော်စပ်ထားတဲ့ ကော့တေး ဆိုတော့ အရည်ပျစ်ပျစ်နဲ့ အင်မတန်ချိုလွန်းတဲ့ ကော့တေးတစ်မျိုးဖြစ်မယ်လို့ သင် ထင်ကောင်းထင်ပါလိမ့်မယ်။
မှန်သင့်သလောက်တော့ မှန်ပါတယ်။ ပျားရည် ကို အဓိကထား ဖျော်စပ်ထားတဲ့ ကော့တေး ဖြစ်တဲ့အတွက်ကြောင့် ပျားရည်မပါတဲ့ ကော့တေးတွေနဲ့ယှဉ်ရင် သူက ပိုချိုနေတာဖြစ်ပါတယ်။ ဒါပေမဲ့ သကြားဓာတ်လွန်ကဲနေသည်အထိ ချိုရဲနေတာမျိုးတော့ မဟုတ်ပါဘူး။ သေသေချာချာ အစပ်အဟပ်တည့်အောင် ဖျော်စပ်တတ်မယ်ဆိုရင်တော့ ဆွေမျိုးမေ့သွားလောက်တဲ့အထိ အရသာထူးကဲကောင်းမွန်နေမှာပဲ ဖြစ်ပါတယ်။
ကော့တေးချစ်သူ ကွီးတို့လည်း ပျားရည် အဓိကသုံးပြီး ကော့တေး ဖျော်စပ်ချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ဖျော်စပ်နည်းအမျိုးမျိုးကို အသုံးပြုနိုင်ပါတယ်။
Bee’s Knees Cocktail ပြုလုပ်နည်း
ဒီနည်းလမ်းဖြင့် ဖျော်စပ်မယ်ဆိုရင်တော့ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ဂျင် စားပွဲတင်ဇွန်း ၄ ဇွန်းနှင့် အလှဆင်ဖို့ရန်အတွက် သံပုယိုခွံ အခွေလိုက်ကလေး စသည်တို့ လိုအပ်ပါလိမ့်မယ်။
၁။ ပျားရည်ပျစ်ပျစ်ကလေး ရဖို့ရန်အတွက် ပျားရည်နှင့် ရေကို ဆတူရောနှောပြီးနောက် နွေးနွေးကလေးဖြစ်သွားအောင် မီးဖိုပေါ်တွင် တည်ပေးလိုက်ပါ။ နွေးနွေးလေးဖြစ်သွားရင်တော့ မီးဖိုပေါ်က ခဏဖယ်ထားလိုက်ပါ။
၂။ သံပုယိုရည်ကို အရည်မညှစ်ခင်မှာ သံပုယိုခွံ အခွေလိုက်ကလေး ရဖို့ရန်အတွက် အရင်ဦးဆုံး ပြုလုပ်ထားပါ။ ပြီးမှ သံပုယိုရည် ညှစ်ပေးလိုက်ပါ။
၃။ ထို့နောက် Cocktail Shaker ထဲတွင် ရေခဲတုံးထည့်ပါ။ စောစောက ကျိုထားတဲ့ ပျားရည်ထည့်ပါ။ သံပုယိုရည်ထည့်ပါ။ ဂျင် ထည့်ပါ။ ထို့နောက် အဖုံးပိတ်ကာ စက္ကန့် ၃၀ ခန့် ခပ်ပြင်းပြင်းကလေး လှုပ်ခါပေးလိုက်ပါ။
၄။ ရရှိလာတဲ့ ဖျော်ရည်ကို ကော့တေးဖန်ခွက်ထဲထည့်လိုက်ပါ။ သံပုယိုခွံလေးဖြင့် အလှဆင်ကာ အရသာရှိရှိ သုံးဆောင်နိုင်ပါပြီ။
ရွှေအိုရောင်ကော့တေး ဖော်စပ်နည်း
ဒီဖျော်စပ်နည်းကတော့ ၁၉ ရာစုနှစ်ကတည်းက စတင်အသုံးပြုခဲ့ကြတဲ့ ကော့တေးဖျော်နည်းပဲဖြစ်ပါတယ်။ ပျားရည်၊ သံပုယိုရည်နှင့် ဝီစကီ Whiskey တို့ကို အဓိကထား ဖျော်စပ်ထားတာဖြစ်ပါတယ်။
လိုအပ်မယ့် ပါဝင်ပစ္စည်းများကတော့ ဝီစကီ Whiskey စားပွဲတင်ဇွန်း ၄ ဇွန်း၊ သံပုယိုသီး ၁ လုံး (အရည်ညှစ်ထားပါ)၊ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းခွဲ တို့လိုအပ်ပါလိမ့်မယ်။
၁။ ပျားရည်ဖျော်နည်းကတော့ စောစောက ဖျော်နည်းနဲ့ အတူတူပဲဖြစ်ပါတယ်။ ပျားရည် စားပွဲတင်ဇွန်း ၁၆ ဇွန်းဆိုရင် ရေလည်း စားပွဲတင်ဇွန်း ၁၆ ဇွန်း သုံးပေးရမှာဖြစ်ပါတယ်။
၂။ ရရှိလာတဲ့ ပျားရည်ကို အအေးခံပြီးတဲ့နောက်မှာတော့ Cocktail Shaker ထဲတွင် ရေခဲတုံးထည့်ပါ။ ဝီစကီ Whiskey ထည့်ပါ။ ပျားရည်ထည့်ပါ။ သံပုယိုရည်ထည့်ကာ အဖုံးပိတ်ပြီး အေးသွားသည်အထိ ခပ်ပြင်းပြင်းလေး လှုပ်ခါပေးလိုက်ပါ။
၃။ ထို့နောက် ဖန်ခွက်ထဲ ပြောင်းထည့်ကာ လိုအပ်ပါက ရေခဲတုံး ထပ်ထည့်နိုင်ပါတယ်။ ဒါဆိုရင်တော့ ဝီစကီ Whiskey နဲ့ ပျားရည်တို့ ပေါင်းစပ်ကာ ဖျော်ထားတဲ့ ကော့တေးတစ်ခွက် ရရှိသွားပြီပဲ ဖြစ်ပါတယ်။
ရနံ့ သင်းပျံ့နေတဲ့ နှင်းဆီ ပျားရည် ကော့တေး ပြုလုပ်နည်း
နှင်းဆီပွင့်ခြောက်ကလေးများ အသုံးပြုကာ ဖျော်စပ်ထားတဲ့ ကော့တေးဖျော်ရည်တစ်ခွက်ဖြစ်ပါတယ်။ လွယ်ကူရိုးရှင်းတဲ့ ဖျော်စပ်နည်းနှင့် ဖျော်စပ်ထားတဲ့အတွက်ကြောင့် ကွီးတို့လည်း မိမိအိမ်မှာပဲ အလွယ်တကူ ဖျော်စပ်နိုင်ပါတယ်။
လိုအပ်မယ့် ပါဝင်ပစ္စည်းများကတော့ နှင်းဆီဖူးအခြောက် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ရေ စားပွဲတင်ဇွန်း ၁၆ ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း ၁၂ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။ ထိုအရာတွေကတော့ နှင်းဆီပျားရည် ပြုလုပ်ဖို့ရန်အတွက်ဖြစ်ပါတယ်။
ပြီးပြည့်စုံတဲ့ ကော့တေး ရရှိဖို့ရန်အတွက် ဝီစကီ Whiskey စားပွဲတင်ဇွန်း ၄ ဇွန်း၊ Apple Bitter အနည်းငယ်နှင့် အလှဆင်ဖို့ရန်အတွက် လိမ္မော်ခွံနှင့် နှင်းဆီဖူးအခြောက် အနည်းငယ်တို့ လိုအပ်ပါလိမ့်မယ်။
နှင်းဆီဖူးများကို ပွက်ပွက်ဆူနေသော ရေထဲထည့်ပြီး ၈ မိနစ်ခန့် တည်ထားလိုက်ပါ။ သတ်မှတ်ချိန်ပြည့်တဲ့အခါမှာတော့ နှင်းဆီရည် စားပွဲတင်ဇွန်း ၈ ဇွန်းခန့်ကို ခပ်ယူပြီး ပျားရည်ဖြင့် သမအောင် ရောနှောလိုက်ပါ။ (ကျန်ရှိနေတဲ့ နှင်းဆီရည်များကို ရေနွေးကြမ်းအဖြစ် သုံးဆောင်နိုင်သလို သကြား စားပွဲတင်ဇွန်း ၈ ဇွန်းခန့်ထည့်ကာ နှင်းဆီဖျော်ရည်အဖြစ် ဖန်တီးနိုင်ပါတယ်။)
ရရှိလာတဲ့ နှင်းဆီပျားရည်ကို အချိန်အကြာကြီး အထားခံချင်တယ်ဆိုရင်တော့ ဗော့ကာ အနည်းငယ် ထပ်ရောထည့်ကာ ရေခဲသေတ္တာထဲ ထည့်သိမ်းထားနိုင်ပါတယ်။ ဒါမှမဟုတ် အခုလို ချက်ချင်းလက်ငင်းအသုံးပြုပြီး နှင်းဆီ ပျားရည် ကော့တေးတစ်ခွက် ဖန်တီးနိုင်ပါတယ်။
ဖန်ခွက်ထဲတွင် စောစောက ရလာတဲ့ နှင်းဆီပျားရည်၊ ဝီစကီ Whiskey နှင့် Apple Bitter တို့ထည့်ကာ သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် ရေခဲတုံးထည့်ကာ အေးသွားသည်အထိ မွှေပေးလိုက်ပါ။
အလှဆင်ဖို့ရန်အတွက် နှင်းဆီဖူးခြောက်များကို အလယ်တည့်တည့်မှာထားပြီး လိမ္မော်သီးအခွံကို ခပ်ရှည်ရှည်လေး လှီးဖြတ်ကာ ထိုအခွံဖြင့် ပတ်ပေးလိုက်ပါ။ ထို့နောက် တုတ်ချောင်းဖြင့် ထိုးစိုက်ကာ ခွက်ပေါ်မှာ တင်ထားပေးနိုင်ပါတယ်။
ဒါဆိုရင်တော့ အနံ့ရော အရသာပါ ပြီးပြည့်စုံတဲ့ နှင်းဆီပျားရည် ကော့တေးတစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။
အခုဝေမျှသွားတဲ့ ဖျော်စပ်နည်းလေးကို ကော့တေးချစ်သူ ကွီးတို့အားလုံး သဘောကျနှစ်ခြိုက်ကြမယ်လို့ မျှော်လင့်မိပါတယ်။
Source: Insanelygoodrecipes
Featured Image: Epicurious