သင်သည် ဝိုင် ကိုလည်း နှစ်သက်ပြီး ဝီစကီ ကိုလည်း ကြိုက်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် ကော့တေး ဖျော်စပ်နည်းက သင့်အတွက်ပဲဖြစ်ပါတယ်။ ဝီစကီနဲ့ ကော့တေးဖျော်စပ်နေကျ ကွီးတို့လည်း ဝိုင်ပါ ထပ်ပေါင်းထည့်လိုက်မယ်ဆိုရင်တော့ တစ်ခါမှ မသောက်သုံးဖူးတဲ့ အရသာသစ်ကို ခံစားသွားရစေမယ်ဆိုတာ ရဲရဲကြီး အာမခံရဲပါတယ်။

ဘယ် ဝိုင် အမျိုးအစားနှင့် ဝီစကီ အမျိုးအစားကို အသုံးပြုမှ စူးရှချိုမြိန်တဲ့ ကော့တေး တစ်ခွက် ဖန်တီးနိုင်မှာလဲ

ဝိုင် ဝီစကီ ကော့တေး

Photo: Vinovest

ဝီစကီကတော့ မိမိကြိုက်နှစ်သက်ရာ ဘယ်အမျိုးအစားမဆို အသုံးပြုနိုင်ပါတယ်။ ဝိုင်ကတော့ ဝိုင်နီကို အသုံးပြုမယ်ဆိုရင် ဝီစကီ နဲ့ ပိုမိုလိုက်ဖက်ပြီး လျှာလည်သွားစေမယ့် ကော့တေး ဖျော်ရည်တစ်ခွက်ကို ဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။

ဝိုင်နီထဲမှာကိုမှ အမျိုးအစား အများအပြားရှိတဲ့အနက် Pinot Noir (သို့မဟုတ်) Cabernet အမျိုးအစား ဝိုင်နီတို့ကို အသုံးပြုမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။

ပြုလုပ်နည်းကလေး အဆင့်တစ်ဆင့်တည်းရှိတာဆိုတော့ အလွယ်လေးပါပဲ။ ပါဝင်ပစ္စည်းများကလည်း အလွယ်လေး ရှာဝယ်နိုင်တဲ့အတွက်ကြောင့် ကော့တေးအရသာအသစ်အဆန်းကို ဖန်တီးချင်တဲ့ ကွီးတွေအတွက် ကွက်တိပဲပေါ့။

လိုအပ်မယ့် ပါဝင်ပစ္စည်းများ

ဝိုင် ဝီစကီ ကော့တေး

Photo: Jimbeam

  • ဝိုင်နီ ၈ အောင်စ (စားပွဲတင်ဇွန်း ၁၆ ဇွန်း)
  • ဝီစကီ ၄ အောင်စ ( စားပွဲတင်ဇွန်း ၈ ဇွန်း)
  • လတ်လတ်ဆတ်ဆတ် ညှစ်ထားသော သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း
  • Syrup တစ်မျိုးမျိုး (သို့) သကြားရည် စားပွဲတင်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

ပါဝင်ပစ္စည်းများကို ကော့တေး ရှိတ်ကာထဲ စုထည့်ကာ အဖုံးပိတ်ပြီး ခပ်ပြင်းပြင်းလေး လှုပ်ခါပေးလိုက်ပါ။

စိတ်တိုင်းကျတဲ့အထိ လှုပ်ခါပြီးတဲ့နောက်မှာတော့ လှပတဲ့ ဖန်ခွက်ထဲသို့ ပြောင်းထည့်ကာ မိမိစိတ်ကြိုက်အလှဆင်ကာ သောက်သုံးနိုင်ပါတယ်။

ဒီကော့တေးဖျော်ရည်ထဲမှာ ဝိုင်ပါတဲ့အတွက်ကြောင့် ရေခဲတုံး မထည့်ထားတာဖြစ်ပါတယ်။

wine whiskey cocktail for kwee

Photo: Winemag

တကယ်လို့ ကွီးတို့အနေနဲ့ ခပ်အေးအေးကလေး သောက်သုံးချင်တယ်ဆိုရင်တော့ ကော့တေး ရှိတ်ကာထဲသို့ ရေခဲတုံးပါ ရောထည့်ပြီး အားရပါးရ လှုပ်ခါပေးလိုက်ပါ။ ဒါဆိုရင်တော့ ခပ်အေးအေးလေးနဲ့ သောက်လို့ကောင်းတဲ့ ဝိုင် ဝီစကီ အရော ကော့တေး ဖျော်ရည် တစ်ခွက် ရရှိသွားပြီပဲဖြစ်ပါတယ်။

ဒီအချိုးအဆနဲ့ ဖျော်နည်းလေးကတော့ တစ်ယောက်စာအတွက် ဖျော်ပြထားတာဖြစ်ပါတယ်။ တကယ်လို့ အိမ်တွင်းပါတီပွဲများ ကျင်းပချိန်မှာ ကိုယ့်ရဲ့ ကော့တေး အဖျော်စွမ်းရည်ကို ပြသချင်တယ်ဆိုရင်တော့ စောစောက ပါဝင်ပစ္စည်းများကို ပါတီတက်မယ့် လူဦးရေနဲ့ မြှောက်ပေးလိုက်ပါ။ ထို့နောက် စောစောက နည်းအတိုင်းပဲ ဖျော်စပ်ပေးနိုင်ပါတယ်။

Source: Shakedrinkrepeat

Featured Image: Gastronomblog