PSV အသင်းနည်းပြလည်းဖြစ် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းကြီးလည်းဖြစ်သူ ရုဒ်ဗန် နစ္စတယ်ရွိုင်း ဟာ အေဂျက်စ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ KNVB Cup ပြိုင်ပွဲမှာ ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူ ဗိုလ်စွဲခဲ့ပြီးနောက် အဝတ်လဲခန်းအတွင်းမှာ ကစားသမားတွေနဲ့အတူ ပျော်ရွှင် မြူးထူးစွာ ကခုန်နေခဲ့ပါတယ်။
Photo Credit : OffTheBall
ကစားသမားဘဝတုန်းက မန်ယူနိုက်တက် ရီးယဲလ် မက်ဒရစ်တို့လို ကလပ်အသင်းကြီးတွေမှာ ကျင်လည်ခဲ့ဖူးတဲ့ နယ်သာလန် ကစားသမားဟောင်းကြီး နစ္စတယ်ရွိုင်းဟာ ဒီအသင်းတွေနဲ့အတူ အမှတ်ပေး ချန်ပီယံ ဆုဖလားတွေရော ပရီးမီးယားလိဂ် နဲ့ လာလီဂါပြိုင်ပွဲတွေရဲ့ ရွှေဖိနပ်ဆုတွေကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ၂၀၁၂ခုနှစ်ထဲမှာ ကစားသမားဘဝကို အဆုံးသတ်ခဲ့တဲ့ နစ္စတယ်ရွိုင်း က တစ်နှစ်အကြာမှာပဲ နည်းပြနယ်ပယ်ထဲကို ပြောင်းလဲ ဝင်ရောက်လာခဲ့ပြီး အခုတော့ PSV နည်းပြအဖြစ် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။
Photo Credit : Twitter
သူရဲ့ ပထမဆုံးသော ကလပ်အသင်းဖြစ်တဲ့ PSV မှာ လူငယ်အသင်း နည်းပြ အရန်အသင်း နည်းပြအဖြစ် ဆောင်ရွက်ရင်း ၂၀၁၄ ဘရာဇီးလ် ကမ္ဘာ့ဖလားမှာပါ နယ်သာလန်အသင်းရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့တဲ့ နစ္စတယ်ရွိုင်းဟာ ဒီရာသီမှာပဲ PSV ကို ကိုင်တွယ်ရင်း ဆုဖလား (၂)အခုထိ သိမ်းပိုက်ထားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။ နစ္စတယ်ရွိုင်း ဟာ PSV အသင်းကို စတင် ကိုင်တွယ်ချိန်မှာပဲ ကွင်းဖွင့်ဖလားလို့ ခေါ်ဆိုရမယ့် Johan Cruyff Shield ပြိုင်ပွဲကို အေဂျက်စ်ကို (5-3) နဲ့ အနိုင်ယူရင်း ဖလားတစ်ခု စတင် ပိုင်ဆိုင်ခဲ့သလို ရှုံးထွက် ပြိုင်ပွဲဖြစ်တဲ့ KNVB Cup မှာလည်း အေဂျက်စ်ကိုပဲ ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ဒုတိယမြောက် ဆုဖလားကို ထပ်မံ ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။
Video Credit : PSV’s Twitter
နည်းပြဘဝ အစပိုင်းမှာပဲ အခုလို ဆုဖလားတွေ သိမ်းပိုက်နိုင်ခဲ့တဲ့ နစ္စတယ်ရွိုင်းက အသင်းကို KNVB ဖလား ရယူပေးပြီးချိန်မှာ အသင်းက ကစားသမားတွေနဲ့အတူ ပျော်ရွှင် မြူးထူးစွာ ကခုန်နေခဲ့ပါတယ်။ နစ္စတယ်ရွိုင်းရဲ့ ကခုန်နေမှုကိုလည်း PSV အသင်းက သူတို့ရဲ့ တွစ်တာပေါ်မှာပါ ဖော်ပြထားခဲ့ပါတယ်။ လက်ရှိမှာတော့ နစ္စတယ်ရွိုင်း အနေနဲ့ အမှတ်ပေး ချန်ပီယံဆုအတွက်က အခြေအနေ မကောင်းတော့အချိန် ချန်ပီယံလိဂ်ဝင်ခွင့် ရရှိစေဖို့အတွက် ထပ်မံ ကြိုးပမ်းရတော့မှာပဲ ဖြစ်ပါတယ်။
Featured Photo : The Sun