အပြင်သွားခါနီးတိုင်း ဘာဝတ်ရမလဲ ခေါင်းစားရတဲ့ အခိုက်အတန့်တွေ ကြုံဖူးကြမယ် ထင်ပါတယ်။ ဒါက မိန်းကလေးတွေမှာပဲ ရှိတာမဟုတ်ပါဘူး။ ကျွန်တော်တို့ ယောကျာ်းလေးတွေလည်း အဝတ်အစား ရွေးရခက်တဲ့ အချိန်တွေ ရှိကြပါတယ်။ အဓိကကတော့ ဖက်ရှင် Trends တွေ ဘယ်လောက်ပြောင်းပြောင်း အခြေခံကျတဲ့ နေ့စဉ်ဖက်ရှင်ပုံစံတွေကို အာရုံစိုက်မယ်ဆိုရင် ဒီပြဿနာ ရှိမှာမဟုတ်တော့ပါဘူး။ ရုံးတက် ကျောင်းတက် အပြင်ထွက်ဖို့အတွက် နေ့စဉ်ဖက်ရှင်နဲ့ ပတ်သတ်ပြီး သိပ်ခေါင်းမစားချင်ရင်တော့ ကွီးတို့ရဲ့ အဝတ် ဗီရို ထဲမှာ အခုပြောပြမယ့် အင်္ကျီ တွေ ရှိကိုရှိထား သင့်ပါတယ်နော်။
(၁) White T-Shirt

Photo : Ape to Gentleman
အဖြူရောင် T-Shirt တွေကတော့ ဘယ်အချိန်ဖြစ်ဖြစ် ရိုးမသွားမယ့် Classic အင်္ကျီ တစ်ခုပါပဲ။ သပ်သပ်ရပ်ရပ်နဲ့ ပေါ့ပေါ့ပါးပါး သန့်သန့်ပြန့်ပြန့် စတိုင်ကိုပေါ်လွင်စေပြီး နေ့စဥ်ဖက်ရှင်ပုံစံအတွက် ပြီးပြည့်စုံတဲ့ လိုအပ်ချက်တစ်ခုပါ။ အဖြူရောင် T-Shirt တွေကို သူ့အတိုင်း ရိုးရိုးရှင်းရှင်း ဝတ်လို့ရသလို Jacket ဒါမှမဟုတ် Blazer တွေနဲ့ တွဲပြီးလည်း ဝတ်လို့ရပါတယ်။
(၂) Polo Shirt

Photo : Peter Manning
ယောကျာ်းလေးတိုင်းရဲ့ ဗီရိုထဲ အနည်းဆုံး Polo Shirt တစ်ထည်တော့ ရှိကိုရှိထား သင့်ပါတယ်။ ရုံးတက်ဖက်ရှင် အနေနဲ့ပဲဖြစ်ဖြစ် ၊ ရုံးပိတ်ရက် ဘော်ဒါတွေနဲ့အပြင်ထွက်ရင်ပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးနဲ့ စမတ်ကျကျ ဝတ်လို့ အဆင်ပြေပါတယ်။ လက်ရှိခေတ်စားနေတဲ့ ဖက်ရှင်ရေစီးကြောင်းအရ အပြာနုရောင် သို့မဟုတ် အစိမ်းနုရောင်လို အရောင်နုနု ကာလာလေးတွေကို ရွေးချယ်ဝတ်ဆင်ဖို့ အကြံပေးချင်ပါတယ်။
(၃) Crew Neck Sweater

Photo : Real Men Real Style
အခုလို ရာသီဥတုအေးတဲ့ အချိန်တွေနဲ့ ကွက်တိပါပဲ။ Crew Neck Sweater အင်္ကျီ တွေက ဝတ်ရတာ ပေါ့ပေါ့ပါးပါးနဲ့ စတိုင်ကျသလို ဘယ်နေရာမဆို အထာကျကျ ဝတ်လို့ရပါတယ်။ ဘယ်တော့မှ မရိုးသွားမယ့် မီးခိုးရောင် သို့မဟုတ် အနက်ရောင်ကာလာ Crew Neck Sweater တွေကို ဦးစားပေး ရွေးချယ်ဝတ်ဆင်ပါ။
(၄) Button-Up Shirt

Photo : The New York Times
ယောကျာ်းလေးတွေအတွက် Formal ဆန်တဲ့ ဖက်ရှင်ဆိုရင် Button-Up Shirt တွေကတော့ မရှိမဖြစ် ဆောင်ထားသင့်တဲ့ အင်္ကျီ အဝတ် အစား တစ်ခုပါပဲ။ လုပ်ငန်းခွင်နဲ့ ရုံးတက်ပွဲတက် အခမ်းအနားတွေအတွက် ဝတ်ဆင်ဖို့ အထူးသင့်တော်ပါတယ်။ သပ်သပ်ရပ်ရပ်နဲ့ စမတ်ကျတဲ့ အသွင်အပြင်ကို အပြည့်အဝပေးစွမ်းမှာ ဖြစ်ပါတယ်။ အရောင်အနေနဲ့ အဖြူကတော့ ဦးစားပေး ရွေးချယ်သင့်ပြီး အပြာနု ၊ ပန်းနုတို့လို အနုဖက်ကိုသွားတဲ့ ကာလာတွေ ရွေးသင့်သလို အစင်းပါတဲ့ ဒီဇိုင်းမျိုးလည်း ရွေးချယ်နိုင်ပါတယ်။
Featured Photo : Ape to Gentleman
 
											
				 
									 
	 
	 
	 
	 
	 
	