ခရစ္စတီယာနို ရော်နယ်လ်ဒိုက Ballon d’Or ဆိုတဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုအတွက် ဆန်ကာတင် အယောက် (၃၀)စာရင်းမှာ မပါဝင်လာခဲ့ပဲ ချန်လှပ်ခံခဲ့ရပါတယ်။ ဒါဟာ ရော်နယ်လ်ဒိုအတွက်တော့ နှစ်ပေါင်း (၂၀)အတွင်း Ballon d’Or ဆုရဲ့ ပဏမာ ဆန်ကာတင် အယောက် (၃၀)စာရင်းထဲ ပထမဆုံးအကြိမ်အဖြစ် မပါဝင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

cr7 ballond'or

Photo Credit : The Independent

GOAT ကြီး ရော်နယ်လ်ဒိုက လွန်ခဲ့တဲ့ ၂၀၀၄ခုနှစ်ကနေ စတင်ပြီး Ballon d’Or ဆုရဲ့ ဆန်ကာတင် အယောက် (၃၀)စာရင်းမှာ စတင် ပါဝင်ခဲ့ပြီး Ballon d’Or Top 3 မှာလည်း (၁၂)ကြိမ်ထိ ပါဝင်ခဲ့သလို ၂၀၀၈ ၊ ၂၀၁၃ ၊ ၂၀၁၄ ၊ ၂၀၁၆ ၊ ၂၀၁၇ ခုနှစ်တွေမှာလည်း Ballon d’Or ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်တုန်းက ရော်နယ်လ်ဒိုရဲ့ မဟာပြိုင်ဘက် လီယွန်နယ် မက်ဆီက Ballon d’Or အယောက် (၃၀)စာရင်းမှာ မပါဝင်ခဲ့ချိန် ရော်နယ်လ်ဒိုကလည်း အဆင့်(၂၀)သာ ရခဲ့ပေမယ့် ဒီနှစ်မှာတော့ မက်ဆီက Ballon d’Or ဆုကို (၈)ကြိမ်မြောက်အထိပါ ပိုင်ဆိုင်နိုင်ဖို့ ရှိနေပါတယ်။

ronaldo vs messi

Photo Credit : Sports Tiger

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်ကနေ စတင်ပြီး Ballon d’Or ဆု ချီးမြှင့်တဲ့ ပုံစံကို ပြောင်းလဲလိုက်ပြီး အရင်လို ပြက္ခဒိန်နှစ် တစ်နှစ်တာအတွင်း တောက်ပခဲ့တဲ့ ကစားသမားတွေကို ရွေးချယ် ချီးမြှင့်နေရာကနေ ဘောလုံးရာသီ တစ်ရာသီအတွင်း ထူးချွန်တဲ့ ကစားသမားကိုသာ ရွေးချယ်တဲ့ စနစ် ပြောင်းလဲသွားခဲ့ရပါတယ်။ ဖြစ်ချင်တော့ မနှစ်က ဘောလုံးရာသီအတွင်း ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးပါ ကျင်းပလိုက်တာကြောင့် အာဂျင်တီးနားနဲ့ ကမ္ဘာ့ချန်ပီယံ ဖြစ်ထားခဲ့တဲ့ မက်ဆီက မန်စီးတီးနဲ့ Treble Champions ဖြစ်ထားတဲ့ အာလင်း ဟာလန်းကို ကျော်လွန်ပြီး 2023 Ballon d’Or Winner ဖြစ်လာဖို့ အခြေအနေကောင်းနေပါတယ်။

messi ballond'or

Photo Credit : FC Barcelona

ပြင်သစ် မဂ္ဂဇင်း French Football ကနေ ကြီးမှူး ကျင်းပတဲ့ Ballon d’Or ဆုပေးပွဲဟာ လွန်ခဲ့တဲ့ ၁၉၅၆ခုနှစ်ကနေ စတင် ကျင်းပလာခဲ့တာဖြစ်ပြီး မက်ဆီက (၇)ကြိမ်နဲ့ ဆုအရေအတွက် အများဆုံးဖြစ်ကာ ရော်နယ်လ်ဒိုက (၅)ကြိမ်နဲ့ ဒုတိယ ပလာတီနီ ဟိုယန်ခရိုက်ဖ် ဗန်ဘက်စတန်တို့က (၃)ကြိမ်စီနဲ့ တတိယနေရာတို့မှာ ပူးတွဲ ရပ်တည်နေကြပါတယ်။

Featured Photo : Instagram