ချယ်လ်ဆီးအသင်းဟာ အသင်းပိုင်ရှင် တော့ဒ် ဘိုလီထက် လက်ထက် အသင်းရဲ့ အသုံးစရိတ် စုစုပေါင်း ပမာဏဟာ လာလီဂါပြိုင်ပွဲဝင် ကလပ်အသင်း (၂၀)လုံးရဲ့ နွေရာသီ ကစားသမား ခေါ်ယူမှုတွေထက်ပင် ပိုမို များပြားလျက် ရှိနေတယ်လို့ Transfermarket ဘောလုံး ဝက်ဘ်ဆိုက်ထဲမှာ ဖော်ပြထားခဲ့ပါတယ်။
Photo Credit : Transfermarket
ပိုင်ရှင်သစ် တော့ဒ်ဘိုလီလက်ထက် ဈေးကွက်တိုင်းလိုလိုမှာ အသုံးစရိတ် အများအပြား အသုံးပြုနေတဲ့ ချယ်လ်ဆီးအသင်းဟာ အခု နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာလည်း ကိုင်စီဒို ၊ အန်ကွန်ကူ ၊ ဂျက်ဆင် ၊ ရောဘတ် ဆန်းချက်ဇ် ၊ ဒီဆာစီ ၊ မိုရိုင်ရာ ၊ ဂါဘရီယဲလ် ၊ အူဂိုချူ အစရှိတဲ့ ကစားသမားတွေအတွက် ယူရို (၃၂၃)သန်းအထိ သုံးစွဲထားခဲ့ပြီး လက်ရှိ နွေဈေးကွက်ထဲ အသုံးစရိတ် အများဆုံး အသင်းအဖြစ်လည်း ရပ်တည်လျက် ရှိနေပါတယ်။
Photo Credit : Football Transfer
ဒါ့အပြင် ချယ်လ်ဆီးအသင်းဟာ တော့ဒ် ဘိုလီ ဦးဆောင်တဲ့ BlueCo အဖွဲ့ရဲ့ ပိုင်ဆိုင်မှု လက်အောက် ရောက်ရှိခဲ့တဲ့ ၂၀၂၂ခုနှစ် နွေရာသီကနေ စတင်ပြီး အပြောင်းအရွှေ့ ဈေးကွက် (၃)ခုအတွင်း စုစုပေါင်း အပြောင်းအရွှေ့ အသုံးစရိတ် ယူရို (၉၃၄)သန်းအထိတောင် အသုံးပြုထားခဲ့ပါတယ်။ အဲ့ဒီဈေးကွက် (၃)ခုအတွင်း ချယ်လ်ဆီးအသင်းထက် အသုံးစရိတ် ပိုများအောင် သုံးထားနိုင်တဲ့ အသင်း တစ်သင်းမှကို မရှိတဲ့အပြင် လာလီဂါပြိုင်ပွဲတစ်ခုလုံးပင် ဈေးကွက်(၃)ခုအတွင်းမှာ စုစုပေါင်း ယူရို (၈၉၄)သန်းသာ သုံးစွဲထားခဲ့တာမို့ ချယ်လ်ဆီးရဲ့ အသုံးစရိတ်ထက် နည်းပါးနေခဲ့ရပါတယ်။
Photo Credit : Sky Sports
အပြောင်းအရွှေ့ ဈေးကွက် (၃)ခုအတွင်း ချယ်လ်ဆီးထက် အသုံးစရိတ် အများအပြား လုပ်ဆောင်ထားနိုင်တာဆိုလို့ ပရီးမီးယားလိဂ် ၊ စီးရီးအေ ၊ လီဂူးဝမ်း ၊ ဘွန်ဒက်စ်လီဂါတို့သာ ရှိနေပြီး ချယ်လ်ဆီးရဲ့ အောက်မှာတော့ လာလီဂါ ၊ ဆော်ဒီပရိုလိဂ်တို့ ရှိနေသလို မန်ယူနိုက်တက် အာဆင်နယ် နဲ့ လီဂါပေါ်တူဂီတို့လည်း အစဉ်လိုက် ရပ်တည်နေကြပါတယ်။လက်ရှိမှာလည်း ချယ်လ်ဆီးအသင်းက ကစားသမားသစ် (၈)ဦးအထိ ခေါ်ယူထားခဲ့ပေမယ့်လည်း ဈေးကွက်မပိတ်ခင်အတွင်း နောက်ထပ် ကစားသမားတွေ ဆက်လက် ခေါ်ယူသွားဖို့ ရှိနေရာ သူတို့ရဲ့ အသုံးစရိတ်က လက်ရှိထက်ပင် မြင့်တက်လာဖို့လည်း ရှိနေရပါတယ်။
Featured Photo : Transfermarket