မန်ချက်စတာ စီးတီးအသင်း နဲ့ စပိန် လက်ရွေးစင်အသင်းတို့ရဲ့ legend player ကြီး တစ်ဦးဖြစ်သူ ဒေးဗစ် ဆေးလ်ဗား ကတော့ ရီးယဲလ် ဆိုစီဒက်အသင်းနဲ့အတူ ၂၀၂၃-၂၄ ဘောလုံးရာသီကို ဖြတ်သန်းဖို့ ပြင်ဆင်နေချိန်မှာပဲ မမျှော်လင့်ပဲ ACL Injury ဆိုတဲ့ ဒူးအရွတ် စုတ်ပြဲ ဒဏ်ရာဆိုးကြီး ရရှိသွားခဲ့လို့ ကာလရှည်ကြာ အနားယူရတော့မှာ ဖြစ်တာကြောင့် ကစားသမားဘဝကို အဆုံးသတ်လိုက်ဖို့သာ ရွေးချယ်လိုက်ရပါတယ်။
Photo Credit : Eurosport
လက်ရှိမှာ အသက် (၃၇)နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ စပိန် လက်ရွေးစင်ဟောင်း ဆေးလ်ဗားဟာ လာလီဂါ ကလပ် ဗလင်စီယာအသင်းရဲ့ ဘောလုံးကွင်းကြီးမှာ လုံခြုံရေးအပိုင်းကို တာဝန်ယူထားရသူ ရဲအရာရှိကြီးရဲ့ ဖခင်ဖြစ်သူကနေ မွေးဖွားခဲ့ပြီး ၂၀၀၀ခုနှစ်မှာပဲ ဗလင်စီယာ လူငယ် အကယ်ဒမီဆီ ရောက်ရှိခဲ့ပါတယ်။ ဗလင်စီယာ စီနီယာအသင်းမှာ ကစားခွင့် မရခင် ဆေးလ်ဗားကို အီဘာ နဲ့ ဆယ်လ်တာဗီဂိုအသင်းတွေက အငှားနဲ့ ခေါ်ယူခဲ့ပြီး ၂၀၀၆-၂၀၀၇ ရာသီမှာပဲ ဗလင်စီယာအတွက် စတင် ကစားခွင့် ရရှိလာခဲ့ပါတယ်။
Photo Credit : talkSPORT
ဗလင်စီယာမှာ ၂၀၁၀အထိ ကစားခဲ့ပြီးတဲ့နောက် သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲကမှ မန်စီးတီးအသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ လူကောင်သေးကွေးပေမယ့် ဘောလုံး နည်းစနစ်ပိုင်း အလွန် ကောင်းမွန်သူဖြစ်လို့ စီးတီးမှာ အကောင်းဆုံး စွမ်းဆောင်မှုတွေ ပြသနိုင်ရင်း ပရီးမီးယားလိဂ်ဖလား ၊ အက်ဖ်အေဖလား ၊ လိဂ်ဖလား နဲ့ ကွန်မြူနတီဒိုင်းတို့လို အင်္ဂလန် ပြည်တွင်းဖလားတွေ အားလုံး ဆွတ်ခူးနိုင်ခဲ့ပြီး စီးတီးရဲ့ legend ကစားသမားကြီးတစ်ဦးပါ ဖြစ်လာခဲ့ရပါတယ်။ စီးတီးမှာ ဆယ်စုနှစ်တစ်ခုထိ ကျင်လည်ခဲ့ပြီးတဲ့နောက် ဆေးလ်ဗား က စပိန်ကို ပြန်သွားပြီး ဆိုစီဒက်အသင်းနဲ့ လက်တွဲခဲ့ပါတယ်။
Photo Credit : Bleacher Report
ဆေးလ်ဗားက ကလပ်အသင်း ကစားသမားဘဝ အဓိက စီးတီးမှာ ပါဝင် ကစားစဉ်က ဆုဖလား အောင်မြင်မှုတွေ ရရှိခဲ့သလို လက်ရွေးစင် ကစားသမားဘဝမှာလည်း စပိန်အသင်းနဲ့အတူ ၂၀၁၀ ကမ္ဘာ့ဖလားအပြင် ၂၀၀၈ နဲ့ ၂၀၁၂ ယူရိုဖလားတို့ကိုလည်း ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ခုတော့ ဆေးလ်ဗား က ဆိုစီဒက်နဲ့အတူ စတုတ္ထမြောက် ဘောလုံးရာသီကို ဆက်လက် ဖြတ်သန်းဖို့ ရှိနေချိန်မှာပဲ အမှတ်မထင် ACL injury ရလိုက်တာကြောင့် ကစားသမားဘဝကို အဆုံးသတ်လိုက်ဖို့ ဆုံးဖြတ်လိုက်ရတာပဲ ဖြစ်ပါတယ်။
Featured Photo : MTAG