ကလပ်အသင်းတွေရဲ့ အားပြိုင်မှုတွေက ရာသီကြို ခြေစမ်းပွဲတွေမှာတောင် အတော်လေး ကြည့်ကောင်းနေကြပါတယ်။ ဒါပေမယ့် ဒါက ခြေစမ်းပွဲမို့ ဘယ်လောက်ပဲ ပြိုင်ဆိုင်မှု ကောင်းနေပါစေ ရလဒ်ကလည်း အရေးမကြီး ရမှတ်လည်း မရ ရှုံးထွက်ရတာလည်း မရှိ ဆိုတော့ တကယ့် official ပွဲတွေကိုပဲ အားလုံးက စောင့်မျှော်နေရပါတယ်။ ကဲ အခု သြဂုတ်လ ထဲ ရောက်ပါပြီ ညိုကီတို့ရေ။ ဒီလထဲမှာ ဘောလုံး ပြိုင်ပွဲ ပြန်စကြတော့မယ်ဆိုတော့ ဘောဝါသနာအိုး ညိုကီတို့အတွက် စပယ်ရှယ် လတစ်လလို့တောင် ပြရမလို့ပါပဲဗျာ။

epl 23/24

Photo Credit : World Cup Updates

သြဂုတ်လ ရဲ့ အစောပိုင်း ရက်တွေမှာတော့ ခြေစမ်းပွဲ ဖိတ်ခေါ်ဖလားပွဲတွေကို ဆက်ကြည့်နေပါဦးမယ်။ ဒါပေမယ့် ကွင်းဖွင့်ဖလားလို့ ပြောရမယ် ကွန်မြူနတီဒိုင်းပွဲကတော့ ဒီလ (၆)ရက်နေ့မှာပဲ စတင်ပါမယ်။ (၁၂)ရက်နေ့မှာတော့ ဘောလုံး ဝါသနာအိုးတို့ သည်းခြေကြိုက် ပရီးမီးယားလိဂ် ပြိုင်ပွဲကြီး စတင် ကျင်းပပါမယ်။ အဲ့ဒီနေ့မှာပဲ လာလီဂါရော လီဂူးဝမ်း ပြိုင်ပွဲတွေကိုပါ တပြိုင်နက်တည်း ကျင်းပပါလိမ့်မယ်။ စီးရီးအေ နဲ့ ဘွန်ဒက်စ်လီဂါကတော့ တစ်ပတ် နောက်ကျပြီးမှ ကျင်းပပါလိမ့်မယ်။

champions league

Photo Credit : UEFA

ဒီလို အမှတ်ပေးပွဲတွေနဲ့အတူ ဥရောပ ပြိုင်ပွဲကြီးတွေဖြစ်တဲ့ ချန်ပီယံလိဂ် ယူရိုပါလိဂ် နဲ့ ကွန်းဖရန့်စ်လိဂ်တွေရဲ့ ခြေစစ်ပွဲတွေဟာလည်း ဒီ သြဂုတ်လ ထဲမှာ ရှိနေပါဦးမယ်။ အဓိကတော့ ချန်ပီယံလိဂ် ပြိုင်ပွဲကြီးရဲ့ တတိယအဆင့် ခြေစစ်ပွဲ နဲ့ ပလေးအော့ ပွဲတွေကို ဒီလထဲမှာပဲ ကျင်းပမှာဖြစ်ပြီး အဲ့ဒီအဆင့်တွေကိုလည်း ဘောလုံး ပရိသတ်တွေ ရင်းနှီးပြီးသား အသင်းတွေက ဆင်နွဲရပါမယ်။ သြဂုတ်လအကုန်မှာတော့ ချန်ပီယံလိဂ် ပြိုင်ပွဲကြီးရဲ့ မဲခွဲပွဲကလည်း ရှိနေပါသေးတယ်။

women world cup

Photo Credit : The Athletic

ဒါတွေကတော့ သြဂုတ်လ နဲ့အတူ ကျွန်တော်တို့ စောင့်မျှော်သွားရမယ့် ပွဲတွေပါ။ ဒီပွဲတွေနဲ့အတူ ပြီးခဲ့တဲ့ ဇူလိုင်လကနေ သြဂုတ်လထဲထိ ရောက်ရှိနေမယ့် ပြိုင်ပွဲကြီး တစ်ခုကလည်း ရှိနေပါသေးတယ်။ အဲ့ဒါကတော့ ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲပါ။ အခုမှ အုပ်စု နောက်ဆုံးအဆင့်ပွဲတွေ ကစားနေရတဲ့ ဒီပြိုင်ပွဲကြီးဟာ သြဂုတ် (၂၀)ရက်နေ့မှာပဲ ဗိုလ်လုပွဲကြီးကို ကျင်းပမှာ ဖြစ်ပါတယ်။ ဆိုတော့ သြဂုတ်လက ကျွန်တော်တို့လို ဘောခရေဇီတွေအတွက်တော့ တကယ့်ကို ထိမိဂွိစေမယ့် လတစ်လဖြစ်ကြောင်း ပြောဆိုလိုက်ချင်ပါတယ်။

Featured Photo : Sky Sports