ကွီးပရိသတ်တွေထဲမှာ အိုင်းရစ်မင်းသားကြီး Cillian Murphy ရဲ့ ဖန်တွေ အများကြီးရှိမယ် ထင်ပါတယ်။ မင်းသားကြီး Cillian Murphy ကိုတော့ တော်တော်များများ အင်္ဂလိပ်တီဗီစီးရီး Peaky Blinders ဇာတ်ကားထဲက Thomas Shelby ဇာတ်ကောင်နဲ့ အမှတ်ရနေမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါ။ ဒါ့ထက်ပိုပြီး Cillian Murphy ရဲ့ ပြောင်မြောက်လှတဲ့ အနုပညာစွမ်းရည်တွေကို မြင်တွေ့ခံစားနိုင်မယ့် ရုပ်သံစီးရီးများစွာ ၊ ရုပ်ရှင်ဇာတ်ကားပေါင်းများစွာ ရှိနေပါသေးတယ်။ ဒီတစ်ခေါက်မှာတော့ မင်းသားကြီး Cillian Murphy ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေထဲကမှ အကောင်းဆုံးလက်ရာ ဇာတ်ကား အချို့ကို မျှဝေပေးသွားချင်ပါတယ်။

(၁) Oppenheimer (2023)

Source : Universal Pictures

ဒီနှစ်ထဲမှာ Barbie နဲ့အပြိုင်ဟော့ဖြစ်နေခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကတော့ Oppenheimer ပါပဲ။ ဒီဇာတ်ကားဟာ ဒါရိုက်တာ Christopher Nolan ရဲ့ အကောင်းဆုံးဖန်တီးမှုလက်ရာတွေထဲက တစ်ခုပါ။ Oppenheimer ရုပ်ရှင်မှာ မင်းသားကြီး Cillian Murphy ရဲ့ အခန်းကဏ္ဍက တော်တော်ကို ကြီးကျယ်ခမ်းနားပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက Manhattan Project ကို ဦးဆောင်ခဲ့တဲ့ အက်တမ်ဗုံးရဲ့ဖခင်ကြီးလို့ တင်စားခဲ့ကြတဲ့ J. Robert Oppenheimer အဖြစ် ပါဝင်သရုပ်ဆောင်ထားတာပါ။ ဒီဇာတ်ကားဟာ J. Robert Oppenheimer ရဲ့ဘဝအတ္ထုပ္ပတ္တိနဲ့ ရုန်းကန်ခဲ့ရမှုတွေကို ရိုက်ကူးတင်ဆက်ထားတာပါ။ ကမ္ဘာ့သမိုင်းတလျှောက်က အကျော်ကြားဆုံး လူပုဂ္ဂိုလ်တစ်ဦးရဲ့အကြောင်း ၊ သမိုင်းဆိုင်ရာအချက်အလက်တွေကို တစိမ့်စိမ့် ခံစားကြည့်ရှုရမယ့် ဇာတ်ကား ကောင်းတစ်ကား ဖြစ်ပါတယ်။

(၂) Dunkirk (2017)

Source : Warner Bros. Pictures

Dunkirk (2017) ကတော့ စစ်ကားကောင်းကောင်း ကြိုက်သူတွေ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။ ဒီဇာတ်ကားကလည်း ဒါရိုက်တာ Christopher Nolan ရဲ့ အကောင်းဆုံး လက်ရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ပြင်သစ်ကိုသိမ်းပိုက်ဖို့ ဝင်ရောက်လာတဲ့ ဂျာမန်တပ်တွေနဲ့ မဟာမိတ်တပ်ဖွဲ့တွေရဲ့ တိုက်ပွဲအဖြစ်အပျက်တွေကို ဇာတ်လမ်းဇာတ်အိမ်တည်ထားပါတယ်။ ဒီဇာတ်ကားမှာ မင်းသားကြီး Cillian Murphy က Shivering Soldier အဖြစ်နဲ့ အရေးပါတဲ့အခန်းကဏ္ဍကနေ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ Tom Hardy ၊ Harry Styles ၊ Fionn Whitehead ၊ Jack Lowden နဲ့ Kenneth Branagh တို့လို နာမည်ကြီး မင်းသားတွေနဲ့အတူတူ တွဲဖက်သရုပ်ဆောင်ထားပြီး ခက်ခဲကြမ်းတမ်းတဲ့ စစ်မြေပြင်က တိုက်ပွဲအတွေ့အကြုံတွေကို အကောင်းဆုံး ပုံဖော်ရိုက်ကူးထားပါတယ်။

(၃) 28 Days Later (2002)

Source : Rotten Tomatoes Classic Trailers

28 Days Later (2002) ဇာတ်ကားမှာတော့ မင်းသားကြီး Cillian Murphy က Jim လို့ အမည်ရတဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်ထားပါတယ်။ Jim တစ်ယောက် မတော်တဆမှုတစ်ခုကြောင့် သတိလစ်မေ့မြောနေခဲ့ရာမှ ပြန်လည်နိုးထလာချိန်မှာ ဗိုင်းရပ်စ်ပိုးကြောင့် လူသားတွေ ကြောက်မက်ဖွယ် ဖုတ်ကောင်အသွင်ကို ကူးပြောင်းနေခဲ့တာကို မြင်တွေ့လိုက်ရပါတယ်။ မျှော်လင့်မထားတဲ့ အဖြစ်အပျက်တွေကြားမှာ Jim တစ်ယောက်ဘယ်လို ဆက်လက်ရှင်သန်မလဲ? ဒီဇာတ်ကားဟာ ဒါရိုက်တာ Danny Boyle ရိုက်ကူးတဲ့ ဖန်တီးမှုလက်ရာတစ်ခု ဖြစ်ပြီး အကောင်းဆုံး ဖုတ်ကောင်ရုပ်ရှင်စာရင်းမှာဝင်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

(၄) Inception (2010)

Source : Rotten Tomatoes Classic Trailers

Inception (2010) ဇာတ်ကားကိုတော့ သိတဲ့သူရှိသလို မသိတဲ့သူတွေလည်း အများကြီးရှိကြပါလိမ့်မယ်။ ဒီဇတ်ကားကို ကြည့်တဲ့သူတိုင်းလည်း နားမလည်နိုင်ကြပါဘူး။ တစ်ခေါက်တည်း ကြည့်ရုံနဲ့ နားလည်နိုင်လောက်မယ့် ဇာတ်လမ်းတစ်ခုလိုလည်း မရိုးရှင်းပါဘူး။ ဒီဇာတ်ကားကိုလည်း ဒါရိုက်တာ Christopher Nolan က ရိုက်ကူးခဲ့တာပါပဲ။ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားဆိုပေမယ့် ပုံမှန် Science-Fiction ရုပ်ရှင်တွေထဲက ကွဲထွက်နေတာကို မြင်တွေ့ရမှာပါ။ ဒီဇာတ်ကားမှာ မင်းသားကြီး Cillian Murphy ဟာ Fischer ဆိုတဲ့ ဇာတ်ကောင်နေရာကနေ ပါဝင်ထားပြီး မင်းသားကြီး Leonardo DiCaprio နဲ့အတူ တွဲဖက်သရုပ်ဆောင်ထားပါတယ်။ နာမည်ကြီး ထိပ်တန်းသရုပ်ဆောင်တွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ရိုက်ကူးထားတဲ့ စိတ်ဝင်စားဖို့အကောင်းဆုံး ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

(၅) Red Eye (2005)

Source : Rotten Tomatoes Classic Trailers

Red Eye (2005) ဇာတ်ကားကတော့ မင်းသားကြီး Cillian Murphy ရဲ့ နာမည်ကြီး ဇာတ်ကား ကောင်းတွေထဲက တစ်ကားပါ။ ဒါရိုက်တာ Wes Craven တာဝန်ယူ ရိုက်ကူးထားတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကား ဖြစ်ပါတယ်။ မင်းသမီးချော Rachel McAdams နဲ့အတူတူ တွဲဖက်သရုပ်ဆောင်ပြီး ဒီဇာတ်ကားမှာ ဇာတ်ကောင်ရဲ့ ရှုပ်ထွေးမှုအလွှာတွေအောက်မှာ ဖုံးကွယ်ထားတဲ့ အတွင်းစိတ်မတည်ငြိမ်မှုတွေကို အကောင်းဆုံး ပုံဖော်ပြသထားတဲ့ Cillian ရဲ့ အပြောင်မြောက်ဆုံး အနုပညာစွမ်းရည်တွေကို မြင်တွေ့ခံစားရမှာ ဖြစ်ပါတယ်။

မင်းသားကြီး Cillian Murphy ရဲ့  အမာခံဖန် ကွီးပရိသတ်တွေအနေနဲ့ သူရဲ့ရုပ်ရှင်တွေထဲမှာ အကြိုက်ဆုံးဇာတ်ကားက ဘယ်တစ်ကားဖြစ်မလဲ ကွန်းမန့်မှာ ရေးခဲ့ပါဦး။

Featured Photo : Koimoi