လေ့ကျင့်ခန်း များများစားစား မလုပ်နိုင်ရင်တောင် နေ့စဉ် မနက်တိုင်း ၅ မိနစ်လောက် အချိန်ပေးပြီး Jumping Jack ခုန်ကြည့်ဖို့ အကြံပေးပါရစေ။ ၃ ပတ်ကနေ ၆ ပတ်ကြားမှာ ပေါ့ပါးလန်းဆန်းတဲ့ ခံစားချက်ကို သေချာပေါက် ရပါလိမ့်မယ်။ ဒီလေ့ကျင့်ခန်းဟာ ရိုးရှင်းပြီး လူတိုင်း ကစားရလွယ်တဲ့ Workout ဖြစ်ပေမယ့် ထိရောက်မှုကတော့ ကြီးမားပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးနဲ့ ကိုယ်တွင်းအင်္ဂါတွေအပေါ် သက်ရောက်မှုရှိတဲ့ နှလုံးသွေးကြောဆိုင်ရာ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ မနက်ခင်းတိုင်း ၅ မိနစ်လောက် အချိန်ပေးပြီး Jumping Jack ခုန်ခြင်းကနေ ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကို ဖော်ပြပေးပါမယ်။
(၁) နှလုံးသွေးကြောကျန်းမာရေးကို မြှင့်တင်ပေးနိုင်တယ်
Photo : Signos
Jumping Jack လေ့ကျင့်ခန်းက နှလုံးခုန်နှုန်းနဲ့ နှလုံးသွေးကြော ကျန်းမာရေးကို ကောင်းမွန်စေမယ့် အကောင်းဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ Full-Body Exercise တစ်ခုဖြစ်တာနဲ့အညီ နှလုံးခုန်နှုန်းကို တိုးစေပြီး နှလုံးသွေးကြောဆိုင်ရာ ကြံ့ခိုင်မှုကို မြှင့်တင်ပေးကာ နှလုံးကျန်းမာရေးကို ပိုမိုကောင်းမွန်စေပါတယ်။ Jumping Jack လေ့ကျင့်ခန်းကို မနက်တိုင်း ပုံမှန်ကစားမယ်ဆိုရင် နှလုံးရောဂါ ၊ သွေးတိုးနဲ့ လေဖြတ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
(၂) ခန္ဓာကိုယ် သွေးလည်ပတ်မှုကို မြှင့်တင်ပေးနိုင်တယ်
Photo : SVRG
Jumping Jack ဟာ လက်တွေ ၊ ခြေထောက်တွေနဲ့ ဝမ်းဗိုက်ကြွက်သားတွေလို မတူညီတဲ့ အဓိက ကြွက်သားအုပ်စု တော်တော်များများကို ချိတ်ဆက်လှုပ်ရှားပေးတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးကို လှုပ်ရှားကစားရတဲ့အတွက် ခန္ဓာကိုယ်တစ်လျှောက် သွေးစီးဆင်းမှုကို ပိုပြီး ကောင်းမွန်စေပါတယ်။
(၃) Energy Levels ကို မြှင့်တင်ပေးတယ်
Photo : Nutrisense
Jumping Jack လေ့ကျင့်ခန်းကတော့ ခုန်ပေါက်ကစားရတဲ့ ကိုယ်လက်လှုပ်ရှားမှုတစ်ခု ဖြစ်တာနဲ့အညီ ခန္ဓာကိုယ်ကနေ သဘာဝအတိုင်း ကောင်းမွန်တဲ့ စိတ်ခံစားချက် ဟော်မုန်းတွေကို ထုတ်လွှတ်ပေးပြီး စွမ်းအင် ပမာဏကို မြင့်တက်စေပါတယ်။ ခန္ဓာကိုယ်ရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို လျှော့ချပေးကာ တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေစေဖို့ မနက်ခင်း မှာ စတင်သင့်တဲ့ အကောင်းဆုံး လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။
(၄) ကယ်လိုရီ လောင်ကျွမ်းမှု များစေတယ်
Photo : Greatist
Jumping Jack ဟာ ကယ်လိုရီ များများနဲ့ အဆီလျင်မြန်စွာ လောင်ကျွမ်းစေတဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။ ကိုယ်အလေးချိန် လျှော့ချချင်သူတွေ ဒါမှမဟုတ် ခန္ဓာကိုယ်အလုံးစုံ ကြံ့ခိုင်မှုကို မြှင့်တင်ချင်သူတွေ အနေနဲ့တော့ Jumping Jack လေ့ကျင့်ခန်းကို သေချာအချိန်ပေးပြီး ကစားသင့်ပါတယ်။
Source : Group HIIT
Featured Photo : KreedOn