မန်ချက်စတာ ယူနိုက်တက်အသင်းကို ကိုင်တွယ်နေတဲ့ နည်းပြ အဲရစ် တန်ဟက်ဂ်ကတော့ သူ့အသင်းအတွက် သူရယူပေးနိုင်ခဲ့တာက လိဂ်ဖလား အက်ဖ်အေဖလား ဖိုင်နယ် (၂)ကြိမ်ဆက်နဲ့ ချန်ပီယံလိဂ်ဝင်ခွင့် (၁)ကြိမ်တို့သာ ရှိခဲ့တယ်လို့ ဆိုနိုင်ပေမယ့် တကယ်တမ်းကျတော့ တန်ဟက်ဂ် ရယူပေးခဲ့တဲ့ အဆိုးရွှားဆုံးသော စံချိန်မှတ်တမ်းတွေလည်း ရှိနေပါသေးတယ်။

man utd defeat

Photo Credit: Goal

မနေ့ညက အိုးထရက်ဖို့ဒ်မှာ ပြိုင်ဘက်ဟောင်းကြီး အာဆင်နယ်နဲ့ ယှဉ်ပြိုင်ကစားခဲ့ရင်း ခြေစွမ်းပိုင်းလေး သိပ်မဆိုးလောက်ဘူးလို့ သတ်မှတ်ရနိုင်ပေမယ့် ရလဒ်ကတော့ ဆိုးခဲ့ရပါတယ်။ လီအန်ဒရို ထရော့ဆာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အိမ်ကွင်းမှာ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ ယူနိုက်တက်က ၂၀၀၆-၂၀၀၇ ဘောလုံးရာသီနောက်ပိုင်းမှ အခုလို အာဆင်နယ်ကို အိုးထရက်ဖို့ဒ်မှာ ပထမဆုံးအကြိမ်အဖြစ် အရှုံးပေးခဲ့ရတာ ဖြစ်ပါတယ်။

ten hag utd

Photo Credit: Sky Sports

ဒါ့အပြင် အခု ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ် ၊ ချန်ပီယံလိဂ်နဲ့ လိဂ်ဖလားတို့လို ပြိုင်ပွဲစုံတွေမှာ ရှုံးနိမ့်ခဲ့တဲ့ ရှုံးပွဲအရေအတွက် စုစုပေါင်းက (၁၉)ပွဲအထိတောင် ရှိသွားခဲ့ရတာကြောင့် ဒါဟာလည်း ၁၉၇၇-၁၉၇၈ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်နဲ့ တစ်ရာသီအတွင်း ရှုံးပွဲအရေအတွက် အများဆုံးအဖြစ်ပါ မှတ်တမ်းဝင်သွားခဲ့ ပြန်ပါတယ်။

ten hag

Photo Credit: United in Focus

ဒီလို အခြေအနေတွေကြောင့် ယူနိုက်တက်ဟာ လာမယ့်ဘောလုံးရာသီထဲ ဘာဥရောပပြိုင်ပွဲကိုမှ ဝင်ရောက် ဆင်နွဲခွင့် မရရှိဖို့က အခြေအနေ အတော်လေး များနေတာကလည်း ၂၀၁၃-၂၀၁၄ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်နဲ့ ကြုံတွေ့လာရဦးမှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်အနေနဲ့ အက်ဖ်အေဖလား ဖိုင်နယ်မှာ မြို့ခံကလပ် မန်စီးတီးကို အနိုင်ကစားပြီး အက်ဖ်အေဖလား ရယူနိုင်မယ်ဆိုရင်တော့ ယူရိုပါလိဂ်ဝင်ခွင့်ကို သေချာပေါက် ရယူသွားနိုင်မှာ ဖြစ်သလို ဒီရာသီရဲ့ တစ်ခုတည်းသော ဆုဖလားကိုပါ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပေမယ့် ဒီလို ဖြစ်လာဖို့ကလည်း အလွန်ကို ခက်ခဲပါလိမ့်မယ်။

Featured Photo: talkSPORT