မိုးရာသီ မှာ အဖြစ်များတဲ့ မှိုရောဂါ စွဲကပ်ခြင်းကို သဘာဝနည်းအတိုင်း သက်သာပျောက်ကင်းချင်သူများအတွက် နည်းလမ်းကောင်းများ ဝေမျှပေးချင်ပါတယ်။
မှိုရောဂါသည် မိုးရာသီမှာပဲ ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါတစ်ခုမဟုတ်ပါဘူး။ မိမိနေထိုင်တဲ့ ပတ်ဝန်းကျင်၊ အိပ်ခန်းတို့က မသန့်ရှင်းပါက အရေ ပြားယားယံပြီး မှိုရောဂါခံစားရမှု အစပြုလာနိုင်ပါတယ်။ ဒါ့အပြင် မသန့်ရှင်းတဲ့ အဝတ်အစားများ၊ ခြေအိတ်များ ဝတ်ဆင်ခြင်း၊ တစ်ကိုယ်ရည် သန့်ရှင်းမှုအားနည်းခြင်း၊ အတွင်းခံဘောင်းဘီက စိုစွတ်ပြီး သန့်ရှင်းမှု အားနည်းခြင်း၊ ကြပ်ထုပ်လွန်းသော အဝတ်အစားများ ဝတ်ဆင်ခြင်း၊ ချွေးထွက်များခြင်း (သို့) မခြောက်သေးဘဲ စိုစွတ်နေသော အဝတ်အစားများ ဝတ်ဆင်ခြင်း အစရှိတဲ့အချက်များကြောင့် မှိုရောဂါခံစားရနိုင်ပါတယ်။
မိုးရာသီ မှာ မှိုရောဂါ စွဲကပ်နေရပြီဖြစ်ကြောင်းကို ဘယ်လိုသိနိုင်မလဲ။
ခန္ဓာကိုယ်နှင် ခြေလက်တွင် စက်ဝိုင်းပုံသဏ္ဍာန် အကွက်များဖြစ်ပေါ်ပြီး ယားယံခြင်း၊ ခြေချောင်းများကြားတွင် အနီရောင်အကွက်နှင့် အသားယားယံခြင်း၊ ပေါင်ချန်တစ်ဝိုက် ယားယံခြင်း၊ ဦးရေပြား ယားယံခြင်း အစရှိတဲ့ အရေပြားယားယံခြင်းတို့သည် မှိုရောဂါစွဲကပ်နေကြောင်း ဖော်ပြနေတဲ့ လက္ခဏာတွေပဲဖြစ်ပါတယ်။
တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းလို့ပဲဖြစ်ဖြစ်၊ ရာသီဥတု အခြေအနေ၊ ဝတ်ဆင်ရတဲ့ အဝတ်အစားများအကြောင့်ပဲဖြစ်ဖြစ် ယားယံခြင်း ခံစားရပါက အခုဖော်ပြပေးမယ့် သဘာဝနည်းလမ်းများဖြင့် ကုစားနိုင်ပါတယ်။
ဒိန်ချဉ်နှင့် Probiotics ကြွယ်ဝသော အစားအစာများ စားသုံးပါ
ဒိန်ချဉ်နှင့် အခြားသော Probiotics များ ကြွယ်ဝတဲ့ အစားအစာများသည် ကောင်းသောဘက်တီးရီးယားများကို ပွားများစေပြီး မှိုရောဂါ ဖြစ်ပွားစေတဲ့ ဘက်တီးရီးယားများကို တိုက်ထုတ်ပေးပါတယ်။
အချဉ်ဖောက်ထားသော အစားအစာများသည် Probiotics ကြွယ်ဝသော အစားအစာတွေပဲဖြစ်ပါတယ်။ တကယ်လို့ ထိုအစားအစာများက ထိရောက်မှုနည်းတယ်ဆိုရင်တော့ Probiotics ဖြင့်ပြုလုပ်ထားတဲ့ဖြည့်စွက်စာများကို မှီဝဲနိုင်ပါတယ်။
ရေ၊ ဆပ်ပြာတို့နှင့် သေချာဆေးကြောပါ
ယားနာခံစားနေရသော နေရာတစ်ဝိုက်ကို ဆပ်ပြာနှင့် ရေ အသုံးပြုကာ တစ်နေ့နှစ်ကြိမ်ခန့် ဆေးကြောသန့်စင်ဖို့လိုအပ်ပါတယ်။ ထို့နောက်မှာတော့ ဆရာဝန် ညွှန်ကြားထားသော လိမ်းဆေးအသုံးပြုကာ တစ်နေ့နှစ်ကြိမ်ခန့် လိမ်းပေးနိုင်ပါတယ်။ ထိုကဲ့သို့ ပြုလုပ်ခြင်းသည် ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်ထားနိုင်ပါတယ်။ ဆပ်ပြာနှင့် ရေသည် မိုးရာသီ မှာ အဖြစ်များတဲ့ မှိုရောဂါ ဘက်တီးရီးယားများကို အလုံးစုံ မရှင်းထုတ်ပေးနိုင်ပေမယ့် ဘက်တီးရီးယားများ ပြန့်ပွားမှုကိုတော့ နှေးကွေးစေပါတယ်။
ပန်းသီးရှာလကာရည် အသုံးပြုပါ
ပန်းသီးရှာလကာရည်ထဲတွင် မှိုရောဂါကို တိုက်ဖျက်ပေးတဲ့ အစွမ်းသတ္တိများ ပါဝင်ပါတယ်။ ရေနွေးနွေးထဲသို့ ပန်းသီးရှာလကာရည် စားပွဲတင်ဇွန်း ၂ ဇွန်းခန့် ရောနှောကာ သောက်သုံးပေးနိုင်သလို မသောက်ချင်ဘူးဆိုရင်တော့ ထိုပန်းသီးရှာလကာရည်ထဲသို့ ဂွမ်းစလေး ထည့်နှစ်ကာ ယားနာခံစားရသော နေရာပေါ်တွင် ပုတ်ပေးလိုက်ပါ။ တစ်နေ့လျှင် သုံးကြိမ်ခန့် ပြုလုပ်ခြင်းအားဖြင့် သိသာထင်ရှားတဲ့ ရလာဒ်ကို တွေ့မြင်ရမှာဖြစ်ပါတယ်။
Tea Tree Oil အသုံးပြုပါ
Tea Tree Oil သည် မှိုရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားများကို တိုက်ထုတ်ပေးတဲ့ သဘာဝအဆီတစ်ခုဖြစ်ပြီး Tea Tree Oil ကို အုန်းဆီ (သို့) သံလွင်ဆီတို့ဖြင့် ရောနှောကာ ယားနာပေါ်တွင် ဂွမ်းစအသုံးပြုပြီး တို့ထားပေးနိုင်ပါတယ်။ တစ်နေ့လျှင် ၃ ကြိမ်မှ ၄ ကြိမ်ခန့် ပြုလုပ်ပေးခြင်းအားဖြင့် ယားနာများ သိသိသာသာလျော့နည်းသွားမှာဖြစ်ပါတယ်။
အုန်းဆီ အသုံးပြုပါ
အုန်းဆီသည်လည်း အစွမ်းထက် သဘာဝဆေးစွမ်းကောင်းတစ်လက်ဖြစ်ပါတယ်။ သူ့ကိုလည်း အရေပြားပေါ် သုတ်လိမ်းပေးပါက အသားအရေအတွက် ကောင်းကျိုးအများအပြားရရှိစေပါတယ်။ တစ်နေ့လျှင် သုံးကြိမ်ခန့် လိမ်းကျံပေးခြင်းအားဖြင့် ခံစားနေရတဲ့ ယားနာဝေဒနာက တဖြည်းဖြည်းနဲ့ ပျောက်ကွယ်သွားမှာပဲဖြစ်ပါတယ်။
နနွင်းမှုန့် အသုံးပြုပါ
နနွင်းမှုန့်ကို ရေနှင့် အနည်းငယ် ရောနှောပြီးနောက် ယားနာဖြစ်ပေါ်နေသော နေရာတစ်ဝိုက်တွင် သုတ်လိမ်းပေးလိုက်ပါ။ ခန္ဓာကိုယ်အတွင်းပိုင်းအထိပါ ထိရောက်မှု မြန်ဆန်စေချင်တယ်ဆိုရင်တော့ ရေနွေးနွေးဖြင့် ရောနှောနိုင်ပါတယ်။ ဒါမှမဟုတ် နနွင်းမှုန့် ဖျော်ရည် သောက်သုံးပေးနိုင်ပါတယ်။ ဒီနည်းလမ်းကတော့ အိန္ဒိယရိုးရာဆေးနည်းတစ်ခုဖြစ်ပြီး မှိုရောဂါအတွက် အင်မတန်အစွမ်းထက်တဲ့ မီးဖိုချောင်းသုံးဆေးစွမ်းပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။
ရှားစောင်းလက်ပတ် အသုံးပြုပါ
အသားအရေကျန်းမာရေးနဲ့ ပတ်သက်လာရင်တော့ ရှားစောင်းလက်ပတ်က နာမည်ကြီးပါပဲ။ သူသည် အရေပြားယားယံခြင်းကို ကုသပေးရုံသာမကဘဲ အသားအရေအလှအတွက်လည်း အများကြီး အထောက်အကူဖြစ်စေပါတယ်။ အသားအရေပျက်စီးခြင်းမှလည်း ကာကွယ်ပေးပြီး ပျက်စီးနေတဲ့ ဆဲလ်များကိုလည်း ပြန်လည်ပြုပြင်ပေးပါတယ်။
ကြက်သွန်ဖြူ အသုံးပြုပါ
ကြက်သွန်ဖြူ များများစားသုံးသူများသည် မိုးရာသီ မှာ မှိုရောဂါ ခံစားရနိုင်ချေနည်းပါတယ်။ ထမင်းစားတဲ့အချိန်တိုင်း တွဲစားပေးနိုင်သလို မစားချင်တဲ့သူတွေကတော့ အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းကို အသုံးပြုနိုင်ပါတယ်။
ပြုလုပ်နည်းကတော့ …
ကြက်သွန်ဖြူ နှစ်မြွှာခန့်ကို ဓားပြားရိုက်ပြီးနောက် သံလွင်ဆီအနည်းငယ်ဖြင့် ရောနှောလိုက်ပါ။ ရရှိလာတဲ့ အနှစ်ကို အရေပြား ယားယံသောနေရာတွင် သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၃၀ ခန့် သုတ်လိမ်းပေးပြီးတဲ့နောက်မှာတော့ ယားယံခြင်းဝေဒနာ သိသိသာသာလျော့ကျသွားပါလိမ့်မယ်။
တမာရွက်
ယားနာဆိုရင် တမာရွက်က အစွမ်းအထက်ဆုံးပါပဲ။ တမာရွက်တွင် မှိုရောဂါဘက်တီးရီးယားများကို တိုက်ဖျက်ပေးတဲ့ အစွမ်းသတ္တိများပါဝင်ပြီး အရေပြားအတွက် အသင့်တော်ဆုံးပါပဲ။ ယားနာခံစားနေရသော နေရာတစ်ဝိုက်ကို တမာရွက်ပြုတ်ရည်ဖြင့် ဆေးကြောပေးပါက ယားနာသက်သာသွားပါလိမ့်မယ်။ တမာရည် ပြုလုပ်ဖို့ကလည်း အလွယ်လေးပါပဲ။ တမာရွက်ကို ရေထဲထည့်ပြီးနောက် ထိုရေနွေး ဆူပွက်လာသည်အထိ ၂ မိနစ် (သို့) ၃ မိနစ်ခန့် စောင့်ဆိုင်းလိုက်ရုံပါပဲ။
ဒီနည်းလမ်းကောင်းများကတော့ ကွီးတို့ရဲ့ ယားနာဝေဒနာကို သက်သာပျောက်ကင်းသွားအောင် ကူညီပေးမယ့် နည်းလမ်းကောင်းများပဲဖြစ်ပါတယ်။
Source: Pharmeasy
Featured Image: Thehealthy