အမျိုးသားတွေ အနေနဲ့ ဆယ်ကျော်သက်အရွယ်ကစလို့ အနည်းဆုံး တစ်ပတ်တစ်ကြိမ်လောက်တော့ မုတ်ဆိတ်ရိတ်ကြ ရပါတယ်။ မုတ်ဆိတ်ရိတ်တာဟာ လွယ်ကူရိုးရှင်းတဲ့ အလှအပဆိုင်ရာ လုပ်ရိုးလုပ်စဉ်တစ်ခုလို့ ထင်ရပေမယ့်လည်း အသားအရေ ထိခိုက်ပျက်စီးမှုမရှိအောင် ထိန်း သိမ်းရမယ့် အဆင့်လေးတွေ ရှိပါတယ်။ အဓိကအားဖြင့် မုတ်ဆိတ်ရိတ်ပြီးချိန်မှာ အသားအရေ နီမြန်းယားယံတာ ၊ ကြမ်းတမ်းခြောက် သွေ့တာတွေ မဖြစ်စေဖို့ ပုံမှန် လုပ်ဆောင်ပေးရမယ့် အချက်လေးတွေ ရှိပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ မုတ်ဆိတ်ရိတ် ပြီးချိန်မှာ အသားအရေ နူးညံ့ချောမွေ့နေစေဖို့ မမေ့မလျော့ ပြုလုပ်ရမယ့် အချက်လေးတွေကို ပြောပြပေးပါမယ်။

(၁) ဓားထိရာလေးတွေကို ကုသပါ

Photo : MensXP

ဘလိတ်ဓားနဲ့ မုတ်ဆိတ်ရိတ်တဲ့အခါ ဘယ်လောက်ပဲ ကျွမ်းကျင်မှုရှိပါစေ အနည်းနဲ့အများတော့ ဓါးထိရာလေးတွေ ဖြစ်တက်ပါတယ်။ ဒီလိုမတော်တဆ ဓားထိရာတွေကို မကုသပဲ ဒီတိုင်းထားလိုက်မယ်ဆိုရင် ပိုးဝင်ပြီး အသားအရေ နီမြန်းယားယံခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မုတ်ဆိတ်ရိတ်ပြီးတဲ့အခါ ဓားထိရာလေးတွေ ရှိမရှိကြည့်ပြီး ဆေးထည့်တာ ၊ ပလာစတာကပ်တာတွေ လုပ်ပေးဖို့ လိုပါတယ်။

(၂) Aftershave သုံးပါ

Photo : MensXP

မုတ်ဆိတ်ရိတ်ခြင်းက အသားအရေကို နဂိုထက်ပိုပြီး ခြောက်သွေ့ကြမ်းတမ်းစေနိုင်ပါတယ်။ ဒါကြောင့်လည်း မုတ်ဆိတ်ရိတ်ပြီးချိန်မှာ Aftershave ကိုမဖြစ်မနေသုံးဖို့ လိုတာပါ။ Aftershave အသုံးပြုခြင်းက အသားအရေကို အေးမြလန်းဆန်းစေပြီး အစိုဓာတ်ပြန်လည်ဖြည့်တင်းပေးပါတယ်။ ဒါ့အပြင် ဓားထိရာ ၊ ခြစ်ရာပွန်းရာတွေကိုလည်း သက်သာစေနိုင်ပါတယ်။  အယ်လ်ကိုဟော မပါတဲ့ Aftershave ကိုအသုံးပြုဖို့ အကြံပြုချင်ပါတယ်။

(၃) Toner လိမ်းပါ

Photo : MensXP

Toner က မုတ်ဆိတ်ရိတ် ပြီးချိန်မှာ အရေပြားပေါ်ထင်ကျန်နေတဲ့ အညစ်အကြေးတွေနဲ့ အဆီပိုတွေကို ဖယ်ရှားသန့်စင်ပေးပြီး ဝက်ခြံ ပြဿနာတွေကို တားဆီးကာကွယ်ပေးကာ ချွေးပေါက်ကျယ်ခြင်းကိုလည်း သက်သာစေပါတယ်။ မုတ်ဆိတ်ရိတ်နေစဉ်မှာ ပျက်စီးသွားတဲ့ အသားအရေ ရဲ့ pH Level ကိုလည်း ထိန်းသိမ်းပေးပါတယ်။

(၄) အစိုဓာတ်ထိန်း ခရင်မ်လိမ်းပါ

Photo : MensXP

Aftershave က အသားအရေကို ရေဓာတ်ဖြည့်ပေးပေမယ့် မလုံလောက်ပါဘူး။ မုတ်ဆိတ်ရိတ်ပြီးချိန်မှာ အရေပြားကနေ ဆုံးရှုံးသွားတဲ့ အစိုဓာတ်ကို ပြန်လည်ရရှိဖို့ဆိုရင် အစိုဓာတ်ထိန်း ခရင်မ် သေချာပေါက် လိမ်းပေးဖို့ လိုပါတယ်။ ဒါမှလည်း မုတ်ဆိတ်ရိတ်ပြီးတဲ့အခါမှာ နူးညံ့စိုပြေတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

(၅) မျက်နှာကို ပုဝါနဲ့ ကြမ်းကြမ်းတမ်းတမ်း မသုတ်ပါနဲ့

Photo : MensXP

ချက်ချင်းလက်ငင်း မုတ်ဆိတ်ရိတ် ထားတဲ့ အသားအရေဟာ ထိရှလွယ်နေတဲ့အတွက် မုတ်ဆိတ်ရိတ်ပြီးချိန်မှာ မျက်နှာကို ပုဝါနဲ့ ခပ်ကြမ်းကြမ်း သုတ်တာမျိုး မလုပ်သင့်ပါဘူး။ ဒီလို မျက်နှာကို ပုဝါနဲ့ ကြမ်းကြမ်းတမ်းတမ်း သုတ်တာဟာ အသားအရေ နီမြန်းခြင်း၊ ယားယံခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ အဲဒီအစား မုတ်ဆိတ်ရိတ် ပြီးတာနဲ့ ရေခပ်နွေးနွေးလေးနဲ့ ဆေးချပြီး နူးညံ့တဲ့ မျက်နှာသုတ်ပုဝါနဲ့ ညင်သာစွာ ခြောက်အောင် သုတ်ပေးပါ။

Featured Photo : MensXP